အခန်း1 (U/Z)

24.4K 290 12
                                    

ရာသီဥတုတစ်ခုလုံး မှောင်မည်း၍ မကြာခင်လေကြီးမိုးကြီးရွာတော့မဲ့နိမိတ်ကိုပြနေသည်။
ကောင်ကင်တစ်ခုလုံး အုံ့မှိုင်းနေတော့ အိပ်တန်းတက်မဲ့ ငှက်ကလေးတွေလည်း အပြေးအလွှားပျံသန်းနေကြသည်။ဝမ်းနည်းဖွယ်ကောင်းသော ကောင်းကင်ပြင်ကြီးကိုမော့ကြည့် ၍ ဒီအိမ်လေးကိုခွဲရတော့မည်ခံစားချက်နဲ့ နေရီရဲ့မျက်လုံးလေးမှာ ဝမ်းနည်းရိပ်တို့စွန်းထင်နေ၏။
သူမ အမြဲတမ်း ထိုင်ကစားတဲ့ သစ်ပင်ကြီးအောက်က ခုံတန်းလေးကို လှမ်းကြည့်၍
မျက်ရည်တွေဝိုင်းလာရသည်။

"သမီးနေရီ မိုးတွေလာနေပြီလေကွယ်၊ အဲ့ဒီမှာထိုင်မနေနဲ့တော့.. လာ...အိမ်ထဲကိုဝင်"

ပေတေ၍ ထိုင်နေချင်ပေမဲ့ မိခင်ရဲ့အသံကြောင့်
နေရီက ထိုင်နေရာမှ ထလိုက်ပြီး၊ဂါဝန်အဖျားစလေးတွေကို လက်နဲ့ပွတ်သပ်ခါရင်း အိမ်ထဲကိုအပြေးဝင်လာလိုက်သည်။

"ကြည့်..ပြေးလာပြန်ပြီ၊ ဒီကလေးမလေးကတော့ကွယ်..အဟင်း..."

ဒီနေ့မှ ခါတိုင်းနေ့နဲ့မတူ မေမေရဲ့မျက်နှာကအရမ်းကိုရွှင်ပြနေသည်။ စကားပြောလိုက်တာကလည်း ရယ်ရယ်ပြုံးပြုံးလေးနဲ့ပါ။နေရီ ခပ်တွေတွေလေးစိုက်ကြည့်နေတာကို ရိပ်မိတဲ့မေမေက လက်ထဲမှာကိုင်ထားသော ကတ်ကြေးကိုပစ်ချပြီး အနားကိုလျှောက်လာသည်။

"ပြောပါအုံး မေမေ့သမီးလေး ဘာတွေတွေးနေသလဲဆိုတာ..ဘာမှမဟုတ်ဘူးလို့တော့မဖြေနဲ့နော်
သမီးလေးရဲ့မျက်နှာကိုကြည့်တာနဲ့မေမေသိတယ်"

အသက်ဆယ့်တစ်နှစ်ရှိပြီပေမဲ့ နေရီက လူကြီးလေးတစ်ယောက်လို တွေးတောတက်နေသည်။မိခင်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုလည်း
ဖတ်တက်နေ၏။ မျက်တောင်ဖျားလေးတွေပုတ်ခတ်သိမ်းရင်းခေါင်းလေးယမ်းပြလိုက်သည်။

"ဟင့်အင်း...သမီးဘာမှမဖြစ်ပါဘူး မေမေ"

"လိမ်တဲ့ကလေးတွေဆိုရင် မေမေမချစ်ဘူးနော်၊
ပြော...သမီးရဲ့စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာ"

နေရီလည်သလို မေမေကလည်းလည်သည်။နေရီရဲ့ပခုံးလုံလုံးလေးကိုဖက်၍ ဝါးကုလားထိုင်ခုံကိုခေါ်သွားပြီးအတူထိုင်စေသည်။
ဝမ်းနည်းရိပ်ထင်နေသော နေရီရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်တချို့ဖုံးလွှမ်းလာတော့ ဒေါ်စုလတ်ချို မျက်နှာပျက်သွားသည်။

အလွမ်းပန်းချီ (completed)Where stories live. Discover now