" နီနီ ဒီကို ဆော့စ်လေး လာပေးပါဦး "
" ရမယ် အန်တီ "
ခြံဝန်းထဲမှာ အမေ့သူငယ်ချင်းတွေရဲ့ စကားပြောသံတွေ ပြည့်နှက်နေတယ် ။ ဒါပေမယ့် ဂျီဆူး နားထဲမှာ ဘာမှ မကြားရသလိုပဲ ။ အားနည်းနေတာများလား ကိုယ့်အသက်ရှူသံကိုပဲ ကျယ်ကျယ်လောင်လောင် ကြားနေရတာ ။ ဒါမှမဟုတ် ရင်တုန်နေတာများလား ။ အာရုံထဲ တဝဲဝဲလည်နေတာ နှုတ်ခမ်းတွေကို ခွာလိုက်တဲ့အချိန် မြင်လိုက်ရတဲ့ သူ့ရဲ့ အပြုံးပဲ ။ အိမ်ကို ဘယ်လို ပြန်ရောက်လာသလဲတောင် မမှတ်မိဘူး ။
" အသားကင်စားဦးလေ စီနီယာ "
နွေဦးရာသီရဲ့ ညနေစောင်းခါနီးအချိန်က ကြည်ကြည်လင်လင်ပါပဲ ။ မကြည်လင်နိုင်တာက ဂျီဆူးပဲ ။ အရှေ့ချပေးသွားတဲ့ ပန်းကန်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိတယ် ။ သူက ဘာကိုမှ သဘောမထားတော့တာလား ။
" ပြန်တော့မယ်ဆိုရင် နီနီ့ကို လှမ်းခေါ်လိုက်နော် မေမေ ၊ အခုတော့ ဂျွန်အင်နဲ့ တွေ့ဖို့ ပြောထားလို့ သွားဦးမယ် "
" ဘယ်ကိုသွားမှာလဲ နီနီ "
" စာကြည့်တိုက်ကို "
" အတော်ပဲ ၊ ဂျီဂျီ စာကြည့်တိုက်သွားရဦးမယ်လို့ ပြောတယ်မဟုတ်လား ။ ညီမလေးနဲ့ အတူလိုက်သွားမလား "
" အာ မလိုက်ချင်ပါဘူး ၊ အားနာစရာ "
သူက သူ့ရည်းစားနဲ့ သွားမှာမေမေရဲ့ ။ မေမေ့သမီးကို ရိုလာကိုစတာစီးရသလို ခံစားချက်တွေ ပေးခဲ့ပြီး သူ့ရည်းစားနဲ့ သွားဒိတ်မှာ ။ အလိုက်မသိတတ်လိုက်တာက နည်းနည်းဆို တော်ရောပေါ့ ။
" စီနီယာ လိုက်ခဲ့လေ ၊ ညီမ သွားနေကျ စာကြည့်တိုက်က စီနီယာ လိုချင်တဲ့ စာအုပ်တွေ ရှိလောက်တယ် "
ဂျီဆူး သူ့ကို မျက်လုံးအပြူးသားလေးနဲ့ ကြည့်နေမိတယ် ။ တော်ရုံ ဘယ်သူက ကိုယ့်ရည်းစားနဲ့ တွေ့မယ့်အရေးကို ကြားလူပါနေတာကို ကြိုက်မှာလဲ ။
" လာပါ စီနီယာရဲ့ ၊ မဟုတ်လည်း ဒီမှာ စီနီယာတစ်ယောက်တည်း ပျင်းနေရမှာ "
ဂျီဆူး ထိုင်နေတဲ့အနားကို နီးနီးကပ်ကပ်ရောက်လာတာပဲ ။ ကြောင်အပြီး ငေးနေမိရင်းက ခေါင်းငြိမ့်လိုက်မိလို့လား မသိဘူး ဂျီဆူးရဲ့ လက်က သူ့လက်လေးတွေ ကြားထဲ ရောက်သွားတယ် ။