" ရူဘီ "
" ဟုတ်ကဲ့ "
စီနီယာက laptop ကို အာရုံစိုက်နေရင်းကနေ ဖျက်ခနဲ မော့ကြည့်တယ် ။ ပြီးတော့ လှစ်ခနဲ ပြုံးပြီး laptop ဆီ အကြည့်တွေ ပြန်ရောက်သွားတယ် ။
" ဘာလို့လဲ စီနီယာ "
" အသံ အရမ်းတိတ်နေတော့ မနေတတ်လို့ပါ ၊ စာလုပ်နေတာကို အာရုံပျက်သွားဖို့တော့ မရည်ရွယ်ပါဘူး "
" အဲ့လို ... မဟုတ်ပါဘူး "
စီနီယာ ဘေးမှာ ရှိနေရင်ကို ဂျန်နီက ဘာကိုမှ အာရုံစိုက်လို့မရတော့တာလေ ။ အဲ့အကြောင်းကိုတော့ ထည့်မပြောဖြစ်ပါဘူး ။ ထထွက်သွားမှဖြင့် ...
" ဗိုက်မဆာဘူးလား ရူဘီ "
" စီနီယာ ဘာစားချင်လို့လဲ "
တကယ်ပါ စီနီယာက သိပ်လှတာ ။ ဒီတိုင်းနေရင်တောင် လှတဲ့ စီနီယာက ပြုံးလိုက်တဲ့အချိန်မျိုးမှာတော့ ဂျန်နီ့ နှလုံးခုန်သံတွေက တဝုန်းဝုန်းပဲ ။ ဒီခံစားချက်က ဘယ်တော့မှ ရိုးအီမသွားဘူး ။
" တော့ပိုကီသွားစားရအောင်လေ "
ခေါင်းငြိမ့်ပြပြီး စာအုပ်တွေကို သိမ်းလို့ မတ်တပ်ထရပ်မယ့်အချိန်မှာ စီနီယာ့ရဲ့ လက်တစ်ဖက်က ဂျန်နီ့ရဲ့ ရှေ့ကို ရောက်လာတယ် ။ လက်ကို ကိုင်ဆွဲပြီး မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ ဂျန်နီ့ရဲ့ လက်ချောင်းတွေက စီနီယာ့ရဲ့ လက်ချောင်းတွေနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတော့တယ် ။
" ကျောင်းပြီးရင် ဘာလုပ်မယ်လို့ စဉ်းစားထားလဲ ရူဘီ "
" စီနီယာ့ လုပ်စာ ထိုင်စားမယ်လို့တော့ စဉ်းစားထားတယ် "
ဂျန်နီ့ရဲ့ ခပ်နောက်နောက်စကားတွေကို သဘောတကျ ရယ်ပြီး တုံ့ပြန်ပေးတဲ့လူက စီနီယာ ဖြစ်နေတယ်ဆိုတဲ့ အချက်ကို အတော် သဘောကျတယ် ။ တောင်ကိုရီးယားရဲ့ ဘယ်ရာသီဥတုမှာမဆို စီနီယာ့လက်ကို ကိုင်ထားခွင့်ရတာက ဂျန်နီ့ဘဝရဲ့ ကံအကောင်းဆုံး အစိတ်အပိုင်းတစ်ခုပေါ့ ။
နှင်းကျနေတဲ့အချိန်တွေဆို စီနီယာ့လက်ကို ကိုင်ပြီး ဂျန်နီ့ရဲ့ ကုတ်အင်္ကျီရှည်မှာပါတဲ့ အိတ်ကပ်ထဲကို ထည့်ထားလေ့ရှိတယ် ။ နွေဦးရဲ့ သစ်ရွက်တွေ ကြွေတဲ့အချိန်ဆိုလည်း စီနီယာ့လက်ကို ကိုင်ပြီး ကြွေကျလာတဲ့ ရွက်ကြွေတွေကို အတူဖမ်းယူတယ် ။ မိုးရွာလာတဲ့အခါ စီနီယာ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး မိုးရေထဲ ပြေးတယ် ။