ဆိုလ်းမှ ဂိတ်စထွက်လာခဲ့သည့် ရထားကြီးက ဘူဆန် ဘူတာကြီးမှာဆိုက်တော့ ဆော့ဂျင် ဝမ်းသာသွားသည်။သူ ဘို့ဒူရွာကလေး ကို ပြန်ရောက်တော့မှာပါလား။
ရထားကြီးက ခဏပဲရပ်သည်မို့ ဆော့ဂျင် အထုတ်တွေခပ်မြန်မြန်ချပဲ ချကာ ဆင်းလာခဲ့ရပါသည်။
"ဆရာလေး...အထုတ်တွေကိုကျုပ်ကိုပေး!"
ဆော့ဂျင် ပါလာသည့် အထုတ်တွေစုံရဲ့လား စစ်ဆေးတုန်း သူ့နောက်မှ ကြားလိုက်ရသည့်အသံ။
"ဂျောင်ကု!"
"အင်း ကျုပ်ပဲ...ပေးအထုတ်တွေ"
ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ ဂျောင်ကု က သူ့လက်ထဲကအထုတ်တွေ ကသောကမျော ဆွဲယူသွားသည်။
"ဂျောင်ကု ဘယ်လိုရောက်လာလဲ"
ခြေလှမ်းကျဲကြီးတွေဖြင့်သွားနေသော ဂျောင်ကု နောက်မှ ဆော့ဂျင် မှီအောင်လိုက်ပြီး မေးသော်လည်း ကောင်လေးကမဖြေ။ဘယ်လို သိပြီးများ ရောက်လာတာပါလိမ့်။သူရွာကိုလည်း သည်နေ့ပြန်လာမယ်လို့ အကြောင်းမကြားမိပါဘူး။
"တက်!...သွားမယ်"
ဆော့ဂျင်ရပ်ပြီး တွေးနေမိတုန်း ဆိုင်ကယ်ပေါ်အထုတ်တွေနှင့် တက်နှင့်နေပြီးပြီဖြစ်သော ဂျောင်ကုကလှမ်းအော်သည်။ရုပ်ကလည်း ဆူပုတ်ပုတ်၊အသံကလည်း ငြူစူသံနှင့်ဆိုတော့ သည်ကောင်လေးကို သူ့ကိုစိတ်များဆိုးနေသလားမသိ။
"ဂျောင်ကု ဂျွန်မေကြီးတို့တစ်တွေ နေကောင်းကြရဲ့လား...ကျွန်တော်ဖြင့်နေ့တိုင်းသတိတွေရနေတာ"
ဆိုင်ကယ်ဖြင့်နှစ်ယောက်သားစီးနှင်း လာကြသော်လည်း စထွက်ကတည်းက အသံတိတ်နေသော ဂျောင်ကုကို ဆော့ဂျင်ကပဲစကားလှမ်းစသည်။
"အင်း ကောင်းတယ်"
"ကျွန်တော့်ကိုရော သတိမရဘူးလား"
"ဂျွန်တစ်မိသားစုလုံး က ဆရာလေးကိုသတိရတယ်ပဲ နေ့တိုင်းပြောနေတာ ကျုပ်နားတောင်ပူတယ်"
"ကျွန်တော်က ဂျောင်ကုကိုမေးတာ ကျွန်တော့်ကို သတိမရဘူးလားလို့...ကျွန်တော်ကတော့ဖြင့် ဂျောင်ကုကို နေ့တိုင်းလွမ်းနေတာ"