Chapter 5

200 42 10
                                    

Zawgyi

အခန်း ၅
(အသိတစ်ယောက်က အိမ်တံခါးကိုလာခေါက်ခြင်း)

အလုပ်ဆင်းချိန် နီးလာလေလေ ရှလျန် မူပျက်လာလေလေဖြစ်နေသည်။သူ ဒီညကိုမည်သို့ကျော်လွှားရမလဲမသိပေ။ ပုံမှန်ထက် ဆိုးဝါးနေတဲ့အသားအရောင်ကြောင့် ဘေးနားကလုပ်ဖော်ကိုင်ဖက်ကတောင် သူ့ကိုနေမကောင်းဘူးလားဟု မေးလာခဲ့သည်။ရှလျန်လည်း လေအေးပေးစက်ဖွင့်အိပ်မိတာကြောင့် အအေးမိနေတာဟု ဆင်ခြေပေးလိုက်ကာမှ သူ့လုပ်ဖော်ကိုင်ဖက်တွေက ဘာမှထပ်မေး မလာတော့ချေ။

အလုပ်ဆင်းချိန်သည် လူတိုင်းစောင့်မျှော်နေကြတဲ့ အချိန်ဖြစ်ပေမယ့် ယခုမူ ရှလျန်အတွက် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီ။ သူ့ အလုပ်အံဆွဲကို ဆွဲဖွင့်ကာ အထဲမှ အမွှေးတိုင်ဗူးနှင့် အမွှေးတိုင်အိုးလေးကို စိုက်ကြည့်နေမိသည်။ ထိုအဖွားအို၏ စိတ်အားထက်သန်လွန်းသောရောင်းချမှုအောက်တွင် သူလည်း အင်တင်တင်နဲ့ ပိုက်ဆံထုတ်ပြီး ဒီပစ္စည်းတွေကို ဝယ်လာမိခဲ့သည်လေ။အလိမ်ခံရတာ ဟုတ်ဟုတ်၊မဟုတ်ဟုတ် သူ့အဖို့ နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်နိုင်တာကြောင့် မဆင်မခြင်ငွေပေးဝယ်မိဦးမှာပင်။ ပုံမှန်အားဖြင့် သူသည် မလိုအပ်ဘဲငွေသုံးလေ့မရှိပေမယ့် ခုလိုအရေးပေါ်ဖြစ်နေချိန်မှာတော့ နှမြောနေလို့ မဖြစ်နိုင်ပေ။

သူ အသက်ပြင်းပြင်းရှူလိုက်ရင်း ဆိုင်တွင် ဝင်ဝယ်ခဲ့သော နံရံကပ်စက္ကူတစ်ထပ်ကြီးကို ပိုက်ထားမိသည်။နှလုံးသားကလည်း လည်ချောင်းထဲရောက်လုမတတ် ခုန်ပေါက်နေ၏။ လက်ဖဝါးပေါ်မှ ချွေးစေးတွေကို ဘောင်းဘီနဲ့ အကြိမ်ကြိမ်သုတ်ပြီး နောက်ဆုံးမှာမှ အိမ်သော့ကိုထုတ်ကာ တံခါးသော့ဖွင့်ရန် သတ္တိကိုစုဆောင်းနိုင်ခဲ့သည်။

အိမ်၏အတွင်းပိုင်းသည် သူထွက်သွားခဲ့သည့်အတိုင်း ရှုတ်ပွလို့နေသည်။
ဧည့်ခန်းကနေ သူ့အိပ်ခန်းအထိ၊ ကြမ်းပြင်ပေါ်တွင် စုတ်ပြဲနေသည့်နံရံကပ်စက္ကူစတွေ ပျံ့ကျဲနေပြီး လူပုံသဏ္ဍာန်မှိုကွက်တွေကလည်း သူ့ကို ဝိုင်းရံထားဆဲပင်။

သူ့လက်ထဲက ပစ္စည်းတွေကိုချလိုက်ပြီးနောက် ရှလျန်သည် သစ်သားသေတ္တာလေးကိုချက်ချင်းဖွင့်ကာ အမွှေးတိုင်တစ်ချောင်းကိုထုတ်၍ မီးညှိလိုက်သည်။၎င်းကို ငွေရောင်အမွှေးအိုးလေးထဲထိုးစိုက်လိုက်ရာ အဖြူရောင်အငွေ့တို့က သေတ္တာ၏အဟတွေကြားကနေ စိမ့်ကျလာလေသည်။အမွှေးတိုင်နံ့က မချိုအီလွန်းဘဲ နူးညံ့သိမ်မွေ့သောရနံ့လေး သင်းနေကာ စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာတွေကနေ ကင်းဝေးသွားသယောင်ခံစားရစေသည်။၎င်း၏ရနံ့ကို ရိုးရာစန္ဒကူးနံ့ဟုထင်ခဲ့တဲ့ ရှလျန်လည်း အံ့အားသင့်သွားတော့သည်။

Human Mold(Myannar Translation)Where stories live. Discover now