Part3

1.2K 23 0
                                    

"ဒေါ်ကြင်ရေ ဟင်းတွေကိုအရင်ထက်လက်ရာပိုကောင်းအောင်ချက်နော်''
"ဟုတ်ကဲ့ပါသူဋ္ဌေးကတော်ရာယ် ဒေါ်ကြင်ရဲ့လက်ရာကဘယ်တုန်းကမကောင်းဖူးလို့လဲ ''
"သိပါတယ် ဒီနေ့သားကသူ့သူငယ်ချင်းနယ်ကိုအလည်သွားရာကနေပြန်လာမှာဆိုတော့သားကြိုက်တဲ့ဟင်းလေးကိုဖွယ်ဖွယ်ရာရာလေးစားစေချင်လို့ပါ''
"ဒါနဲ့ သူဋ္ဌေးကတော်က ဖိုးည လေးကိုစောင့်မှာလား''
"မစောင့်အားပါဘူးဒေါ်ကြင်ရာယ် ဆိုင်ခွဲတွေထပ်တိုးထားတာဆိုတော့အလုပ်တွေကအရေးကြီးနေတာ ကျွန်မမရှိလို့မဖြစ်ဘူးလေ အဲ့ဒါကြောင့်ဒေါ်ကြင့်ကိုဟင်းတွေသေချာချက်ဖို့ ကျွန်မကပြောနေရတာ''
"အဲ့လိုဆို ဖိုးညလေးစိတ်မကောင်းဖြစ်သွားလိမ့်မယ်ထင်တယ်နော် ဒီနေ့တော့စောင့်လိုက်ပါလားသူဋ္ဌေးကတော်ရာယ်''
"မဟုတ်လဲညနေဖြစ်ဖြစ်ညပိုင်းဖြစ်ဖြစ်စုံကြမှာပဲကို ပြီးတော့ကျွန်မသားကအဲ့လောက်ကလေးမဆန်ပါဘူး ဟင်းဟင်း ကဲ ကျွန်မတော့သွားပြီနော်''
"ဟုတ်ကဲ့သူဌေးကတော် ဟုတ်ကဲ့''
ထွက်သွားသောသူဌေးကတော်ဒေါ်ကေသီတင့်ရဲ့ကျောပြင်အားဒေါ်ကြင်ငေးမောနေမိသည်။ဒေါ်ကေသီတင့်တို့ကမျိုးရိုးစဉ်ဆက်ချမ်းသာသူတွေဖြစ်ကြသည်။ဒေါ်ကေသီတင့်ရဲ့ယောကျာ်းဦးမျိုးနေဗလကတော့သာမာန်လူလတ်တန်းစားထဲပင်။သို့သော်လည်းသူတို့နှစ်ဦးအကြောင်းပါပြီးလက်ထက်ကြတော့ဘာမှဆုတ်ယုတ်သွားတာမရှိခဲ့ပေ။နှစ်ဦးစလုံးကထူးချွန်ထက်မြတ်သူတွေဖြစ်ကြသည်နှင့်အညီတက်ညီလက်ညီစီးပွားရှာကြတော့ ခုဆိုရန်ကုန်မြို့ကြီးမှာနာမည်ကြီးသူဌေးလင်မယားတွေဖြစ်လျှက်ရှိသည်။စိတ်သဘောထားလဲကောင်းကြသည်။ ဒါပေမယ့် တစ်ခုပဲ အဲ့ဒါက တစ်ယူသန်ကြတာဘဲ။ တစ်ယောက်ရဲ့ကိုရေးကိုယ်တာကိုတစ်ယောက်ကဝင်မစွက်ဖက်ရ။ကိုယ်ယုံကြည်ရာကိုယ်လုပ်ကြသည်။ဘယ်သူပြောတာမှလက်မခံပေ။သူတို့ရဲ့ပုံစံကတခါတလေကျမိသားစုနဲ့တောင်မတူလှပေ။စီးပွားဖက်မိတ်ဖက်တွေတစ်အိမ်ထဲနေကြသည့်နှယ်စီးပွားရေးပဲကုန်းရုန်းရှာကြသည်။သားလေးတစ်ယောက်ရလာသည်။ဖိုးညလို့ခေါ်နေတဲ့ ညအက္ခရာ။ သားလေးတစ်ယောက်ရလာလို့လဲမိသားစု ကစိုစိုပြေပြေဖြစ်မသွားပေ။ကလေးကို ကလေးထိန်းနဲ့ထား ညအိပ်ညနေချိန်မှကလေးကမိဘနားကပ်ရသည်။ဒီ့အပြင် သူဌေးကတော်ဒေါ်ကေသီတင့်ကနောက်ထပ်ကလေးမယူဖို့ဆုံးဖြတ်လိုက်သည်။ ဖိုးည အတွက်အရာရာပြည့်စုံနေစေရမယ်လို့လင်မယားနှစ်ယောက်လုံးကြွေးကြော်ကာအလုပ်ကိုအရမ်းကြိုးစားကြသည်။ဖိုးည အတွက်အရာရာပြည့်စုံသော်လည်းမိသားစုကခြောက်ကပ်ကပ်ပင်။ ဒေါ်ကြင်ကတော့ ဖိုးညလေးကိုသနားလို့မဆုံးပေ။ငယ်ငယ်ကတည်းကထိန်းကျောင်းခဲ့ရသည့်ကလေးမို့လဲချစ်ရသည်။ ဖိုးညကိုကြည့်ရင်အမြဲပျော်မြူးနေတတ်သည်။ သူ့အိမ်မှာအမြဲလိုလိုသူတစ်ယောက်ထဲမို့အပေါင်းသင်းတွေခေါ်လာတတ်သည်။သူ့မိဘတွေလိုပဲ ချစ်ခင်ရင်းနှီးမှုဆိုတာလူ့ဘဝရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုလို့ခံယူထားလေသလားမသိ။ခုလိုအေးအေးစက်စက်မိသားစုဆက်ဆံရေးကြောင့်မှိုင်နေတယ်ဆိုတာမရှိ။ဪ နေတတ်လွန်းကြပါပေတယ်။
"လေးလေး ဟင်းအိုးကဝေကျနေပြီ ''
အိဖြူကမီးဖိုခန်းထဲဝင်ရင်းအလန့်တကြားဖြင့်ပြောတော့မှ ဒေါ်ကြင်တစ်ယောက်စိတ်နှင့်ကိုယ်နှင့်ကပ်တော့သည်။
"ဟယ် ဟုတ်ပါ့ ဟင်းအိုးတောင်မေ့သွားတယ်အေ''
အိဖြူကဟင်းအိုးပလတ်ဖြုတ်လိုက်သည်။
"လေးလေးကတော့လေအိဖြူသာဝင်မလာရင်အဲ့ဟင်းအိုးတော့ပစ်ရပြီ''
အိဖြူက ဒေါ်ကြင်ငရုတ်သီးထောင်းနေသည့်ဘေးတွင်ဟင်းရွက်လာသင်ရင်းပြောသည်။
"ငါလည်းနည်းနည်းအတွေးလွန်သွားလို့ပါအေ''
"လေးလေးကတော့ဖြစ်ရမယ် ဒါနဲ့ဒီနေ့အစ်ကိုလေးည ပြန်လာမှာဆို''
"ဟုတ်တယ်လေ အချိန်တောင်တော်တော်ရနေပြီ ကဲအိဖြူအဲ့ဟင်းရွက်တွေမြန်မြန်သင် ငါလည်းဟင်းအိုးတွေလက်စသတ်လိုက်ဦးမယ် တော်ကြာဖိုးညလေးပြန်လာရင်အဆင်သင့်မဖြစ်ပဲနေလိမ့်မယ်''
"ဟုတ်ကဲ့''
"ငါတို့တစ်ဆိုင်ဆိုင်သွားရအောင်''
နိုင်လေးကလူညှိတဲ့အနေဖြင့်မြင့်မားတို့ကိုကြည့်၍မေးသည်။
"ဒီနေ့မှခရီးကရောက်တယ်မင်းကလဲအိမ်စောင့်နတ်နဲ့များရန်ဖြစ်ထားလို့လားကွာ''
"အေးလေ မင်းသွားချင်ရင်လဲညနေကျဒိုးကြမယ်လေ ဘယ်လိုလဲ''
ည ကပါအပြင်ထွက်ဖို့ရက်ချိန်းနေသေးသည်။မြင့်မားကတော့သူတို့ကိုမမောပန်းနိုင်ကြသူတွေဟူသည့်အကြည့်ဖြင့်ကြည့်ကာ
"မင်းတို့ကောင်တွေမပင်ပန်းကြသေးဘူးလားဟင်''
မြင့်မားကညည်းညူသလိုလေးပြောကာဆိုဖာပေါ်မှီလိုက်သည်။အခုရောက်နေတာကမြင့်မားဦးလေးအိမ်တွင်ဖြစ်သည်။မြင့်မားကဦးလေးအိမ်တွင်နေပြီးရန်ကုန်မှာကျောင်းနေခြင်းဖြစ်သည်။အားလုံးကိုယ့်အိမ်ကိုယ်မပြန်ကြသေးဘဲမြင့်မားအိမ်တွင်ထပ်မံသောင်တင်နေကြခြင်းဖြစ်သည်။
"မင်းရုပ်ကြီးကလဲဘာဖြစ်နေတာလဲကွ''
"ဟုတ်ပါ့''
ည ရဲ့အမေးကို နိုင်လေးကရေခဲသေတ္တာထဲကကုဒ်တစ်ဗူးထုတ်ရင်းဝင်ထောက်ခံလိုက်သည်။
"ငါ့အိမ်ကအညှော်ခံလိုက်ရတာလေ ဟူးး''
"ဟမ် ငါတို့လဲမသိလိုက်ရပါလား''
"မင်းတို့ဆေးရုံလူနာသွားမေးနေတုန်းကလေ''
"ဘာတွေညှော်လိုက်လို့ ဒီရုပ်ဖြစ်နေရတာလဲကွ''
နိုင်လေး ကအအေးဘူးသောက်ရင်းမြင့်မားဘေးဝင်ထိုင်ကာမေးသည်။
"ငါတို့တွေကား accident ဖြစ်တဲ့ကိစ္စကိုငါ့မားသားကြီးသိသွားတာကွာ''
"ဟမ် ဟုတ်လား ငါတို့ကမသိဘူးထင်နေတာသတင်းရမြန်သားဟ''
"အဲ့ဒါနဲ့မင်းကခုစိတ်ညစ်နေတာလား''
"အဲ့တစ်ခုထဲမဟုတ်လို့ပေါ့ကွာ ဒီကိစ္စကိုအဖေမသိသေးဘူးအမေကအဲ့ဒါနဲ့အကြပ်ကိုင်ပြီးငါ့ကိုမိန်းမပေးစားဖို့လုပ်နေတာ''
မြင့်မားကစိတ်ပျက်လက်ပျက်ပြောရင်းရေခဲသေတ္တာထဲမှဘီယာတစ်ဗူးထယူသည်။
"ဒီကောင်တော်တော်ညစ်နေပုံဘဲကွ''
နိုင်လေးရဲ့အပြောကို ည ကခေါင်းငြိမ့်ထောက်ခံလိုက်ခါ
"မင်းအမေကိုအကြောင်းပြချက်တစ်ခုခုပေးပြီးငြင်းကြည့်လေ''
"မရဘူး ငါ့အမေကပြောထားပြီးသားကိစ္စကိုဘယ်တော့မှပြန်မပြင်ဘူးလုပ်မယ်ဆိုလဲတကယ်လုပ်တာ accident ကိစ္စငါ့အဖေကိုတိုင်ရင်ငါကအိမ်ပေါ်ကတောင်နှင်ချခံရင်ခံရမှာအမေစီစဉ်ပေးတဲ့သူနဲ့လက်ထပ်ဖို့ကျတော့လဲ''
မြင့်မားကလေသံလေးဖျော့သွားကာစကားဆက်မပြောသေးဘဲဘီယာသောက်နေသည်။ဒါကိုပဲနိုင်လေးက
"မင်းကလဲအိမ်ကပေးစားတဲ့သူနဲ့ယူလိုက်ပေါ့ကွာဘာခက်တာမှတ်လို့မင်းလဲတက္ကသိုလ်နောက်ဆုံးနှစ်တောင်ရောက်နေပြီကို''
"မင်းတို့မသိပါဘူးကွာခုငါမလိုချင်ဘူးဆိုတာငါ့ကျောင်းကိစ္စနဲ့မဆိုင်ဘူးမင်းတို့ကိုဟိုမှာပြောပြထားသားပဲ ငါခေးကိုချစ်မိနေတယ်ဆိုတာ ခုထိတောင်ငါ့ဘက်ကချစ်ကြောင်းဖွင့်မပြောရသေးဘူး အမေကမိန်းမပေးစားဖို့လုပ်နေပြီ ကိုယ်မချစ်တဲ့သူကိုတော့ငါမယူနိုင်ဘူးကွာ''
"မင်းပြောတာလဲဟုတ်နေတာပဲ''
"ဒီလိုလုပ်ကွာလတ်တလောမင်းအမေစိတ်ချမ်းသာအောင်အလိုက်ထိုက်နေပေးပြီးအချိန်ကိုရသလောက်ဆွဲထားလိုက်ဘွဲ့ရပြီးမှတို့ဘာတို့ပေါ့ကွာ''
ည ရဲ့အပြောကိုမြင့်မားကခပ်တွေတွေလေးမော့ကြည့်ကာ
"အချိန်ဆွဲတော့လဲဘာထူးမှာလဲကွာငါလက်ထပ်ရမှာကလက်ထပ်ရမှာပဲကို''
"မင်းကလဲ လည်မလိုနဲ့ အ နေတယ်ရတဲ့အချိန်လေးမှာမင်းရဲ့ခေးကိုရအောင်လိုက်ပေါ့ကွ ငါတို့လဲဘေးကနေဝိုင်းလှော်ပေးမှာပေါ့''
"ဟုတ်တယ် ည ပြောတဲ့အကြံမဆိုးဘူး''
နိုင်လေးကပါဝင်ထောက်ခံတော့ မြင့်မားကသူတို့နှစ်ယောက်ကိုကြည့်ပြီးနည်းနည်းအားတက်သွားမိသည်။
"အင်း မင်းတို့ပြောသလိုငါလုပ်ကြည့်ဦးမယ်အချိန်ဆွဲလို့ရရင်ငါခေးကိုဒီနှစ်မှာရအောင်လိုက်မယ်ကွာ''
"ဒါနဲ့နေဦးဟ မင်းရဲ့ခေးကရန်ကုန်မှာမှမရှိတာ''
"ဟာ ဟုတ်သားပဲ အာ့မှကွိုင်ပဲ''
မြင့်မားကတော့သူတို့အပြောကိုခေါင်းခါရင်းပြုံးနေသည်။ဘီယာဘူးခွံကိုအမှိုက်တောင်းထဲလှမ်းပစ်ပြီးမှ
"ခေး ကရန်ကုန်မှာကျောင်းတတ်ဖြစ်တယ်''
"ဟမ်''
"ဟေ''
ည နဲ့ နိုင်လေးကအံသြနေကြသည်။မြင့်မားကသူ့ဖုန်းကိုထောင်ပြကာ
"ငါခေးကိုဖုန်းနံပါတ်ပေးခဲ့တယ် ငါတို့ပြန်ခါနီးတုန်းကသူရန်ကုန်မှာကျောင်တက်ဖြစ်တဲ့အကြောင်းဖုန်းလှမ်းဆက်တယ်''
"ဪ တော်တော်လျင်တာပဲနော်အတူတူရှိတဲ့ငါတို့တောင်မသိလိုက်ဘူး''
"ဟုတ်ပါ့ကွာ သူနဲ့ခေးချစ်သူဖြစ်ဖို့ငါတို့အကူအညီတောင်မှလိုမယ်မထင်ဘူး''
"မင်းတို့အကူအညီကတော့လိုပါတယ် ငါကခုဖုန်းနံပါတ်ပေးခဲ့တယ်ဆိုတာကလဲသူကတောင်းလို့ဟငါကငါတို့တက္ကသိုလ်အကြောင်းကိုညွှန်းလိုက်တာခေးကတတ်ချင်သွားတယ်တူပါတယ်သူ့အမေကိုပြောပြီးတတ်မယ်လို့ပြောတယ်ရန်ကုန်ရောက်ရင်ဆက်သွယ်ရအောင်လို့ဆိုပြီးငါ့ဖုန်းနံပါတ်တောင်းတာ''
"ဝိုးး အခြေနေတွေရှယ်ကောင်းနေပါ့လား''
"အေးလေ အဲ့ဒါတောင်ငါတို့ကိုမပြောပြဘူး''
"ဒါဆိုသူကမင်းကိုမငြင်းလောက်ပါဘူးမင်းဘက်ကသတ္တိရှိဖို့ပဲလိုတာ''
"ဟီး ဟီး ငါလဲအဲ့လိုဖြစ်ပါစေဆုတောင်းနေတာ''
"ဟား ဟား ဟား''
"ရုပ်ပြောင်းတာတော့မြန်တယ်နော်ချက်ချင်း ''
ဒီလိုနှင့်သူတို့ရဲ့ဟိုထွက်မယ်ဒီသွားမယ်အစီစဉ်ကမလုပ်ဖြစ်တော့ပေ။အားလုံးခရီးပန်းလာတာလဲပါသည်။ ကိုယ့်အိမ်ကိုယ်သာပြန်ခဲ့ကြသည်။မြင့်မားကနှစ်ယောက်လုံးကိုလိုက်ပို့မယ်ပြောသော်လည်းနိုင်လေးကလက်မခံချေ။Taxiနှင့်ပြန်သွားသည်။အိမ်မပြန်သေးဘဲတခြားဝင်စရာရှိလို့ဟုပြောသည်။နိုင်လေးမိသားစုအကြောင်းသိနေ၍ထွေထွေထူးထူးမပြောဖြစ်တော့ချေ။မြင့်မားကတော့ ည အိမ်ကိုလိုက်ပို့သည်။
"ခုမှသတိရတယ်ငါမင်းကိုမေးမယ်ဆိုပြီးမေ့နေတာတစ်ခုရှိတယ် ''
မြင့်မားကကားမောင်းရင်းမေးသည်။
"ဘာများလဲ''
"မင်းနဲ့ခေးရဲ့အစ်မအကြောင်းလေ မင်းဆေးရုံမှာထလုပ်တဲ့အကွက်ကငါတောင်ကြောင်သွားတယ်ပြောစမ်းပါဦးမင်းနဲ့အဲ့အစ်မကြီးနဲ့ကသိတာလားသူကတော့မင်းကိုသိပုံမပေါ်ပါဘူး''
မြင့်မားရဲ့အမေးကိုညကတော်တော်နှင့်မဖြေသေးဘဲအပြင်ကိုငေးနေသည်။
"မေးနေတာဖြေဦးလေကွာ''
"မသိပါဘူး ဒီတိုင်းပဲသူ့ကြည့်ရတာအမြင်မတော်လို့ပါ''
"ဟုတ်လို့လား ညရာသူ့ကိုတွေ့လိုက်တဲ့မင်းပုံစံကိုငါမြင်လိုက်ပါတယ် မင်းစောင့်နေခဲ့တဲ့သူတစ်ယောက်ကိုတွေ့လိုက်လို့အံသြဝမ်းသာဖြစ်သွားတဲ့မျက်နှာထားမျိုးပါ''
"ငါ့မျက်နှာထားကိုခုမှတော်တော်သိသလိုလာလုပ်နေတယ် ''
"ဟုတ်တယ်မလား မင်းနဲ့သူသိတယ်မလား ဒါမှမဟုတ်သူကမင်းပြောပြထားတဲ့မင်းရဲ့အချစ်ဦးဆိုတာလား''
မြင့်မားကအံသြလွန်းနေတဲ့မျက်နှာထားနဲ့ည မျက်နှာကိုကြည့်သည်။
"ကားကိုကြည့်မောင်းစမ်းပါ''
"အေးပါ ငါမေးတာတွေလဲပြန်ဖြေဦးဟ ငါသိချင်လွန်းလို့ရူးတော့မယ်''
"သိချင်မနေနဲ့ရှေ့မှာငါ့အိမ်ရောက်ပြီ မင်းအိမ်ထဲဝင်ဦးမလား အိမ်မှာတော့ဘယ်သူမှမရှိဘူး''
ကားကို ညတို့ခြံရှေ့ရပ်လိုက်ကာ ည ကကားပေါ်ကဆင်းဖို့ဟန်ပြင်လျှင်မြင့်မားက ညလက်ကိုဆွဲထားပြီး
"ငါမင်းအိမ်လိုက်ရင်ငါ့ကိုပြောပြမှာလား''
ညက မြင့်မားလက်ကိုဖယ်ပြီးကားပေါ်ကဆင်းလိုက်သည်။ပြီးမှ
"ဘာကိုသိချင်နေတာလဲ သူနဲ့ငါတကယ်မသိဘူးပြီးတော့ ငါ့အချစ်ဦးဖြစ်ဖို့ဆိုတာပိုလို့တောင်ဝေးသေးတယ် ပြီးတော့သူကမင်းတို့မွေးရပ်မြေကလူလေ ငါကမင်းတို့နယ်ကိုခုမှရောက်ဖူးတာလေ စဉ်းစားဦး''
ညက သူ့နားထင်သူ လက်ညှိုးနဲ့ထောက်ပြပြီးပြောတော့ မြင့်မားကခေါင်းတငြိမ့်ငြိမ့်နဲ့
"အဲ့ဒါလဲဟုတ်သားပဲနော် ''
"ကားသေချာမောင်းဦး ''
"အေးပါ မနက်ဖြန်မှတွေ့မယ်''
"အေး''
ပြောပြီးတာနဲ့ည ကခြံထဲဝင်သွားသလို မြင်မားကားလေးကလဲညတို့ခြံရှေ့မှထွက်ခွာခဲ့တော့သည်။
"ဖိုးညလေးပြန်လာပြီလား''
"ဟုတ် ဒေါ်လေးကြင်''
ည ကအိမ်ထဲဝင်ရင်း မားနဲ့ပါးကိုလိုက်ရှာမိသည်။ဒါကိုဒေါ်လေးကြင်ကမြင်တော့
" သူဌေးကတော်ကဆိုင်သွားတယ် ဆိုင်ခွဲတွေထပ်ဖွင့်ထားတော့အလုပ်တွေများနေလို့လေ သူဌေးကတော့အလုပ်ကိစ္စနဲ့နယ်ကိုခရီးထွက်သွားတယ် ဖိုးညပြန်မလာခင်နှစ်ရက်လောက်ကပဲ သူဌေးကတော်က ဖိုးညကိုတော့တော်တော်ဂရုစိုက်တာနော် ဖိုးညလေးပြန်လာရင်စားဖို့ဒေါ်လေးကြင်ကိုသေချာချက်ခိုင်းခဲ့တာ ဟင်း ဟင်း''
ဒေါ်ကြင်ကဖာဖာထေးထေးလေးပြောပေးသည်။
"မားနဲ့ပါးကအလုပ်တွေများနေတတ်တာသားသိပါတယ်ဒေါ်လေးကြင်ရာ ထားလိုက်သားကရိုးနေပြီ ဟီး 'ည ကပြုံးပြုံးရွှင်ရွှင်လေးပြောတော့ဒေါ်ကြင်နည်းနည်းစိတ်သက်သာသွားသည်။
"ထမင်းစားတော့မှာလားသား''
"မစားသေးဘူးဒေါ်လေးကြင် သားရေချိုးလိုက်ဦးမယ်''
"အေး အေး အဲ့ဒါဆိုသားရေချိုးပြီးခါနီးလောက်ဒေါ်လေးထမင်းခူးထားလိုက်မယ် သားကနောက်ကျနေတော့ နေ့လည်စာဖြစ်သွားတာ''
"ရပါတယ်ဒေါ်လေးကြင်ရဲ့ သားရေသွားချိုးလိုက်ဦးမယ်နော်''
ပြောပြီးတာနဲ့အပေါ်ထပ်ကသူ့အခန်းကိုတက်သွားသည်။ဒေါ်ကြင်ကတော့မီးဖိုချောင်သို့ပြန်ဝင်သွားသည်။
"ဗျော ဗျော''ရေပန်းဖွင့်ပြီးခေါင်းပါရေစိုစေလိုက်သည်။
ရင်ထဲမှာအထီးကျန်ဝေဒနာတစ်ရပ်ကလွမ်းမိုးလျှက်ရှိသည်။သူငယ်ငယ်ကတည်းကကြုံတွေ့နေရတဲ့မိသားစုပုံစံကိုခုချိန်ထိသူအသားမကျနိုင်သေးပေ။ဟန်ဆောင်ပြုံးတွေနဲ့သူ့ကို မားနဲ့ပါးကရင့်ကျတ်လိမ္မာတဲ့သားလို့မြင်သလို သူငယ်ချင်းတွေကလဲ အသဲအေးတဲ့လူလို့မြင်ကြသည်။တကယ်ဆိုသူခုထိမရင့်ကျတ်သေးပေ။အရာရာပြည့်စုံတဲ့သူလို့ခံယူထားခဲ့တာကမှားနေသလား။ခေါင်းပေါ်ကနေတစ်ကိုယ်လုံးကိုကျဆင်းနေသည်ကရေတွေတင်မက မျက်ရည်များပါ ပါလေသည်။တစ်ကိုယ်တည်းကျတဲ့မျက်ရည်စက်တွေဘယ်လိုလူမှမမြင်ပါစေသား။

"နွေအိမ်မက်ရဲ့ညအက္ခရာ..."(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now