Part10

971 13 0
                                    

"တီ••တီ••တီ''
ကားဟွန်းတီးသံကြောင့်ခေးတို့တိုက်ခန်းမှထွက်လာသည်။သင်ဇာ့ကားနဲ့လာခေါ်ခြင်းဖြစ်သည်။မကြီးပျိုကိုမြင်တော့အိဖြူနဲ့သင်ဇာပါးစပ်အဟောင်းသားဖြစ်သွားသည်။
"ဝိုးး အစ်မကဒီလိုပုံစံနဲ့ကျတော့လဲတော်တော်စွဲဆောင်မှုရှိတာပဲနော်''
သင်ဇာ့ရဲ့ချီးကျုးစကားကြောင့်ပျို့ခမျာပိုလို့ပင်ရှက်သွားရသည်။ဒူးမဖုံးတဖုံးဖြစ်နေလို့အောက်ကိုဆွဲချပြန်ရင်လဲအပေါ်ကဒီထက်ဆိုးဦးမည်။ခုလိုပုံစံမျိုးဖြင့်တခါမှမနေဖူးချေ။ကားပေါ်မှာမိန်းကလေးတွေချည်းဆိုပေမယ့်ဟိုရောက်ရင်တော့လူတွေအများကြီးရှိနေမှာ။ပျို့ရဲ့ဂတိနဲ့ခေးကိုစိတ်မချလို့သာမဟုတ်ရင်ပျိုဒီလိုတွေဝတ်စားပြီးကလပ်ကိုလိုက်လာမည်မဟုတ်ချေ။ပျို့မှာငိုချင်စိတ်တွေရှက်စိတ်တွေကိုထိန်းထားရသည်။
"ဒါနဲ့ဒီနေ့ညအစ်ကိုညတို့ရောပါတယ်ဆို''
"ဟုတ်တယ်လေ အိဖြူရဲ့အစ်ကိုတွေရောလာကြမှာ''
ကားမောင်းရင်းမေးတဲ့သင်ဇာ့အမေးကို ခေးကဖြေပေးလိုက်ခြင်းဖြစ်သည်။ပျိုကမျက်လုံးလေးဝိုင်းသွားသည်။
"ခေးပြောတော့မိန်းကလေးတွေတင်ဆို''
"ကျစ်!လာခေါ်မှာကိုပြောတာလေခုဒီကားထဲမှာမိန်းကလေးပါလို့လား မကြီးပျိုကအရမ်းတောဆန်တာပဲ ကလပ်ရောက်ရင်ကားပေါ်မှာထက်တောင်လူကများဦးမယ် ကလပ်သွားပါတယ်ဆိုတရားသွားထိုင်မယ်များထင်နေလားပဲ ဟွန်း''
"ခစ်ခ်ခစ်ခ်''
အိဖြူကလှောင်ရယ်လေးရယ်နေသည်။ပျိုကတော့ခေးအပြောကြောင့်တော်တော်လေးစိတ်ညစ်သွားရသည်။ကိုယ့်အတွက်စိမ်းသက်သက်အဝတ်အစားအပြင်အဆင်တွေနဲ့အတူကိုယ့်အတွက်စိမ်းသက်တဲ့ပတ်ဝန်းကျင်တစ်ခုကို သူမဘယ်လိုရပ်တည်ရပါ့မလဲ။အဓိကပြဿနာကတော့ဒီအဝတ်အစားတွေကြောင့်ပါပဲ။အနက်ရောင်ပေါ်မှာအရောင်လဲ့လဲ့ကျောက်ကလေးတွေကပြန့်ကျဲနေသေးသည်။ဟူးး ဒီညကိုအမြန်ကုန်ဆုံးစေချင်သည်။
"ကဲ ရောက်ပြီ ကဲကြစို့''
သင်ဇာကမြူးမြူးကြွကြွလေးပြောရင်းကလပ်ထဲဝင်သွားတော့ခေးတို့လဲလိုက်သွားသည်။တကယ်ဆိုတစ်ဖွဲ့လုံးကအတိုအပြတ်လေးတွေဝတ်လာကြတာပါ။ဒါကိုပဲမကြီးပျိုရဲ့မျက်နှာကဖြစ်ပျက်နေလိုက်တာ။ဘာပဲဖြစ်ဖြစ်ခေးကတော့ကျေနပ်တယ်။ခေးကတစ်ကိုယ်ထဲတွေးတောရင်းပြုံးမိသည်။ကလပ်ထဲရောက်တော့အစ်ကိုမြင့်မားတို့နှစ်ယောက်ကိုအရင်တွေ့သည်။ဒါတောင်မနည်းရှာလိုက်ရတယ်။အစ်ကိုညကသူ့ရဲ့ပုံစံလေးအတိုင်းအပေါ်ကဂျင်းဂျာကင်တစ်ထည်ကိုထပ်ဝတ်ထားသည်။ဝတ်ထားတဲ့ဂျာကင်ကအနက်ရောင်အောက်ခံအင်္ကျီကအဖြူအနက်စပ်ကျား။လုံးဝရိုးရှင်းတဲ့ပုံစံဆိုပေမယ့် အစ်ကိုညဝတ်လိုက်တော့လဲဆန်းသွားသလိုရှိသည်။အမြဲတမ်းထက်မြတ်စူးရှတဲ့မျက်လုံးတွေကခေးအနှစ်သက်ဆုံးရင်ခုန်ရဆုံးအစိတ်အပိုင်းဖြစ်သည်။
"အစ်ကို သင်ဇာနဲ့လိုက်ကပါလားဟင်''
သင်ဇာက ည ရဲ့လက်ကိုဆွဲပြီးသူနဲ့ကရန်ခေါ်နေလေသည်။ကြည့်စမ်းဒီမိန်းမတော်တော်ကိုသွက်ပါလား။ငါကဖြင့်ငေးနေတုန်းရှိသေးတယ်။
မြင့်မားရဲ့မျက်လုံးတွေကတော့ခေးဆီမှာပဲရှိနေသည်။
"ဟေးး အငယ်မ''
အနားကိုရောက်လာတဲ့လူတစ်စု
"အစ်ကိုတို့ကိုလာပါဦးမလားလို့တွေးနေတာ မိတ်ဆတ်ပေးရဦးမယ် ''
အိဖြူကသူ့အစ်ကိုလင်းထက်မင်းတို့အုပ်စုနဲ့ညအက္ခရာတို့နဲ့မိတ်ဆတ်ပေးသည်။တီးလုံးသံတွေနှင့်ဆူညံနေသည်မို့အော်ပြောနေရသည်။လင်းထက်မင်းရဲ့မျက်လုံးတွေကပျို့ဆီကိုဦးတည်လျှက်ရှိသည်။ပြီးတော့ခေးကိုအဓိပ္ပါယ်ပါသောအကြည့်ဖြင့်ကြည့်လိုက်သည်။ခေးကလဲမသိမသာပြုံးပြလျှက်နှင့်ပင်။
"ကဲ ကဲ မိတ်ဆတ်ပြီးပြီဆိုတော့အားလုံးကဘော်ဒါတွေဖြစ်သွားပြီနည်းနည်းလောက်အရှိန်တင်ပြီးရင်ကဲလိုက်ကြစို့''
လင်းထက်မင်းတို့အုပ်စုထဲကမီလင်းရဲ့အပြောကိုအားလုံးကထောက်ခံလိုက်သည်။သူတို့ကတွေကသောက်ကြသော်လည်းပျိုကတော့မသောက်ပေ။
"မ မသောက်ဘူးလား''
အနားကိုကပ်လာပြီးမေးသည့်လင်းထက်မင်းကြောင့်ပျိုကလန့်သွားရသည်။
"ဟင့်အင်း အစ်မက အဲ့ဒါတွေမသောက်တတ်ဘူး''
မြင့်မားတို့နှင့်လင်းထက်မင်းသူငယ်ချင်းတွေကတော့သွားကနေကြပြီဖြစ်သည်။သင်ဇာကတော့ညကိုသူနဲ့ကဖို့မရမကခေါ်နေသည်။ခေးကလဲအစ်ကိုညနားကမသွားသေးပေ။အိဖြူအစ်ကိုကမကြီးပျိုနားကိုကပ်နေတာပဲ။
"ဘာလဲ မ ကမူးမှာဆိုးနေတာလား သိပ်မမူးပါဘူးသောက်ကြည့်ပါလား''
အိဖြူရဲ့အစ်ကိုဆိုတဲ့ကောင်လေးကသူ့လက်ထဲမှာရှိနေတဲ့ဖန်ခွက်လေးထဲကဝိုင်လားအရက်လားမသဲကွဲသည့်များကိုသူမအားအတင်းတိုက်နေသည်။ပြီးတော့အကြည့်တွေကသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာခြုံငုံလျှက်မျက်စိမလွှဲကြည့်နေသည်။ပျိုကရှက်လာတော့လက်ကလေးပိုက်လိုက်သည်။
"တောင်းပန်ပါတယ်အစ်မကမသောက်တတ်လို့ပါနော်''
သူများတွေလိုလဲသွားမကဘဲသူမဘေးခုံတွင်လာထိုင်ပြီးအကြည့်တွေသရမ်းနေသည့်ထိုလူငယ်အားသူမစိတ်တိုချင်လာသည်။
"မကြီးပျိုဘာဖြစ်နေတာလဲ''
ခေး ရောက်လာပြီ။ပျိုအရမ်းဝမ်းသာသွားသည်။ခေးကဒီလိုတော့လဲညီအစ်မစိတ်ဓာတ်လေးရှိသားပဲ။
"အော် ညီမေလး ဘာမှမဖြစ်ပါဘူးကွာ မ ကိုကရအောင်လို့အဖော်ညှိနေတာလေ အရှိန်ရအောင်လို့သောက်ကြည့်ပါလားဆိုတာ မ ကငြင်းနေတာ ''
လင်းထက်မင်းကရယ်ရွှမ်းရွှမ်းဖြင့်ရှင်းပြသည်။ခေးကလဲလင်းထက်မင်းရဲ့ပုံစံကိုကြည့်ကာသဘောပေါက်လိုက်သည်။မကြီးပျိုကိုတကယ်ကြွေနေပုံပဲ ။
"မကြီးပျိုကလဲ သောက်လိုက်ပါ တိုက်နေတဲ့သူကိုအားနာစရာကြီး ပြီးတော့သိပ်လဲမမူးပါဘူး ဒါကဝိုင်အပျော့စားလေးပါ ကြည့်ပါလားခေးတောင်အေးဆေးပဲ''
ခေးကပုခုံးလေးတွန့်ပြရင်းသူမကိုအရက်သောက်ဖို့တောင်မှတိုက်တွန်းနေလိုက်သေး။ပျိုတကယ်ပင်စိတ်ညစ်သွားရသည်။ဒီလူငယ်ကိုခေးက ပ ထုတ်ပြီးခေါ်သွားမယ်ထင်ထားတာခုတော့ ခေးကပါသူတိုက်တာကိုသောက်ဖို့တိုက်တွန်းနေသေးသည်။
"မကြီးပျိုတကယ်မသောက်တတ်တာခေးလဲသိတာပဲမသောက်ပါရစေနဲ့နော် ''
"မရဘူးနော် မကြီးပျိုသောက်ရမယ် မဟုတ်လို့ကတော့ အမေစိတ်ပူအောင်လို့လျှောက်ပြောပြီးတိုင်ပစ်မယ်''
ခေးကသူ့ရဲ့အပိုင်ကွက်ကိုထုတ်သုံးလိုက်တော့မကြီးပျိုခမျာပြူးပြူးပျာပျာဖြစ်သွားသည်။
"ရော့ ''
ခေးကလင်းထက်မင်းလက်ထဲကတစ်ခွက်ကိုယူပြီးမကြီးပျိုကိုပေးလိုက်သည်။လင်းထက်မင်းကတော့သဘောတကျနှင့်ပြုံးနေသည်။
မိပျို နင့်မှာအခက်ခဲတွေဘာကြောင့်အမြဲတမ်းကြုံနေရတာလဲ။ပျို ဒေါ်လေးကိုစိတ်မဆင်းရဲစေချင်။ထို့ကြောင့်ခေးကမ်းပေးသည့်ဝိုင်ခွက်ကိုယူပြီးမျက်စိစုံမှိတ်ပြီးမော့ချလိုက်သည်။ပူပူခါးခါးကြီးမို့ ပျို့မျက်နှာရှုံတွသွားကာပျို့တော့မလိုလိုဖြစ်သွားသည်။
"ခါးလိုက်တာ''
ပျိုကညည်းညူတော့
"Sooryဗျာ အဲ့ဒါကအရက်တွေဗျ ဒီဟာကမှဝိုင်''
လင်းထက်မင်းကသူ့လက်ထဲမှာကျန်ခဲ့သည့်ဖန်ခွက်တစ်ခုကိုမြှောက်ပြသည်။
"ဟယ် ဟုတ်လား မကြီးပျိုခေးတောင်းပန်တယ်နော် ခေးခွက်မှားပြီးပေးမိတာ ဟင်းဟင်း အခါးနည်းနည်းသက်သာအောင်လို့ ဝိုင်လေးထပ်သောက်လိုက်ပါ့လား ဒီဝိုင်ကသိပ်မခါးဘူး''
ပျိုကခေးကိုအံသြသလိုလေးကြည့်မိသည်။ခေးကသူမကိုဘာဖြစ်စေချင်နေတာလဲ။ခေးကဟိုကောင်လေးကို ပ မထုတ်တဲ့အပြင်သူကပါရောပြီးအရက်တိုက်နေသေးသည်။ပျို နည်းနည်းခေါင်းမူးလာသည်။တကယ်တော့အိဖြူရဲ့အစ်ကိုကကျောင်းမှာစတွေ့ကတည်းကမကြီးပျိုကိုစိတ်ဝင်စားနေသူဖြစ်သည်။ပြီးတော့မကြီးပျိုနဲ့အောင်သွယ်ပေးဖို့ခေးကိုအကူညီတောင်းထားသူဖြစ်သည်။ခုလိုမကြီးပျိုကိုအရက်တိုက်ဖို့ကိုခေးကပဲစီစဉ်သူ။မကြီးပျိုကိုအရက်တိုက်ပြီးရင်လင်းထက်မင်းနဲ့တွဲကပြီးပလူပလဲဖြစ်အောင်နေဖို့ကလင်းထက်မင်းရဲ့တာဝန်အဖြစ်ခေးကပဲချမှတ်ပေးခဲ့သည်။တစ်ချက်ခုတ်နှစ်ချက်ပြတ်အကြံလေ။မကြီးပျိုကိုအစ်ကိုညအပါအဝင်သူများတွေလဲအထင်သေး အောင်သွယ်ပြီးသားလဲဖြစ်။ခေးကသူ့ရဲ့အကြံပိုင်မှုတွေကိုကျေနပ်အားရနေမိသည်။
"ရော့လေ ထပ်သောက်လိုက်အဆင်ပြေသွားလိမ့်မယ်''
ခေးကလင်းထက်မင်းလက်ထဲကကျန်တဲ့ဖန်ခွက်ကိုယူပြီးတိုက်သည်။ပျိုကတော့မျက်ခွံတွေတောင်လေးသလိုလိုဖြစ်လာသည်။သူမမူးနေပြီထင်သည်။
"ပေး သူ့အစားငါသောက်မယ်''
ခေးလက်ထဲကဖန်ခွက်ကိုယူပြီးမော့လိုက်သူက ညအက္ခရာ
ခေးကအံသြမှုတွေဖြင့် ညကိုကြည့်နေသည်။လင်းထက်မင်းကတော့ ''ဘာလဲဟ''ဟူသည့်ပုံစံဖြင့်ကြည့်နေသည်။အစ်ကိုညကဘာလုပ်တာလဲ သင်ဇာနဲ့လိုက်မကဘူးပေါ့။သင်ဇာကိုလှည့်ပြီးကြည့်တော့သူကလူအုပ်ကြားထဲတွင်ကနေလေပြီ။ဒီမိန်းမကဘာလဲ။ခေးကသင်ဇာ့ကိုနားမလည်နိုင်သည့်ပုံစံဖြင့်လှည့်ကြည့်နေတုန်း ပျို့ကိုညကလက်ဆွဲခေါ်သွားသည်။ပျိုကလဲရီဝေဝေဖြစ်နေတော့သူခေါ်ရာနောက်အသာအယာပါသွားလေသည်။ခေးက
"အစ်ကိုည အစ်ကိုည ဒါဘာလုပ်တာလဲ''ခေးကသာအော်နေတာအစ်ကိုညကထွက်သွားပြီဖြစ်သည်။လင်းထက်မင်းက
"သူကဘာလဲ ကျစ်!''
ခေးလဲဘာမှမပြောနိုင်ပဲငိုင်နေသည်။
သူမလက်ကိုအကြမ်းပတမ်းဆွဲပြီးသူ့ကားရပ်ထားသည့်နားသို့ခေါ်လာခဲ့သည်။ထို့နောက်သူမကိုကားကိုမှီရပ်ခိုင်းပြီး ညကြည့်နေသည်။
"ဒီမှာ ဒီမှာ''
ညကခေါင်ငိုက်စိုက်ကျဖို့ပြင်နေသည့်သူမအားမေးဖျားလေးကိုင်လှုပ်ပြီးနှိုးတော့သူမခေါင်းထောင်လာကာ
"ငါဘယ်ကိုရောက်နေတာလဲဟမ်''
လေးလံနေသည့်မျက်ခွံများကိုအားတင်းဖွင့်လိုက်သည်။ပျို့ရှေ့မှာရပ်နေတာကဘယ်သူလဲ။
"ကျစ်! ခင်ဗျားဗျာ ဘာလို့ဒီလိုပုံစံတွေဝတ်လာတာလဲ ပြီးတော့သူတို့တိုက်တဲ့အရက်ကိုရောဘာလို့သောက်လိုက်တာလဲ''
ညကအစောကတည်းကဟိုနှစ်ယောက်အရက်ညစ်တိုက်နေတာကိုတွေ့သည်။မသောက်ဖို့တားမလို့ကိုသင်ဇာ့ကိုရှင်းနေရလို့နောက်ကျသွားခြင်းဖြစ်သည်။ကြည့်ပါဦးနေနေကျမဟုတ်တဲ့အဝတ်အစားအပြင်အဆင်တွေနဲ့ဘယ်သူ့ကိုများပြုစားချင်နေတာလဲဗျာ။
"ကျွန်တော့်ကိုမေ့နေပြန်ပြီလား ဟင် သေချာကြည့်ပါဦးကျွန်တော့ကို''
ညကသူမမျက်နှာနှင့်နီးကပ်ကပ်လေးသူ့မျက်နှာကိုထားလိုက်သည်။နဖူးချင်းထိနေသည်အထိ။မိတ်ကပ်တွေပြင်ဆင်ခြယ်သထားသည့်မျက်နှာလေးကမလိုက်မဖက်ဖြစ်နေသော်လည်းအရိုင်းဆန်စွာလှပနေသည်။နှုတ်ခမ်းသားဖူးဖူးလေးတွေကနီရဲစုထွေးလျှက်။သူမရဲ့အလှတရားတွေကိုအနီးကပ်မြင်ရတော့ ညရဲ့နှလုံးခုန်သံကိုကိုယ်တိုင်ပြန်ကြားနေရသည်။
"ကျွန်တော့်ကိုအမြဲတမ်းမေ့နေတော့မှာလား မ ရာယ် ဒါမှမဟုတ်ကျွန်တော်နဲ့ပတ်သတ်တာတွေကိုပဲမေ့နေတာလား''
သူမအမူးမပြေတပြေဖြစ်နေသည်။သူမမျက်လုံးဖွင့်ကြည့်တော့အနီးကပ်ဆုံးသောမျက်နှာတစ်ခု။ထို့နောက်သူမရဲ့နှုတ်ခမ်းသားပေါ်သို့ရောက်လာသည့်နွေးနွေးထွေးထွေးနှုတ်ခမ်းတစ်စုံနှင့်အတူမူးမူးမေ့မေ့အနမ်းတို့အား သူမရုန်းဖယ်ချိန်မရလိုက်။စက္ကန့်တို့တရွေ့ရွေ့ကုန်ဆုံးလာသလို့ သူမရဲ့ရင်ခုန်သံတွေကလဲသစ်ရွက်ခြောက်တွေလိုလေနှင်ရာမှာကြွေဆင်းလျှက်။ဟင့်အင်း ဒါမဖြစ်သင့်ဘူး။မေ့မေ့မျောမျောနမ်းနေသောသူ့အားသူမတွန်းဖယ်လိုက်သည်။
ထို့နောက်သူ့မျက်နှာအားနာကျည်းရိပ်တို့ဖြင့်ကြည့်ကာ
"ဖြောင်း::::::''
ပါးပေါ်သို့ကျဆင်းလာတဲ့ မ ရဲ့လက်ဝါးတစ်ချက် သူအသာလေးငြိမ်ခံနေလိုက်သည်။ထို့နောက်ပျိုကသူ့အားထုနှက်ရိုက်ပုတ်ပြီးထိုင်ချလိုက်ကာငိုတော့သည်။
"နင် နင်ငါ့ကိုအသားယူတယ် နင်လူယုတ်မာ''
ပဆစ်တုတ်လျှက်ထိုင်ကာပြောလဲပြောငိုလဲငိုနေသည်။သူမငိုတာမြင်တော့ ည စိတ်မကောင်းဖြစ်သွားရသည်။သူလုပ်ရပ်ကရိုင်သလိုဖြစ်သွားသည်။ညကသူမရှေ့မှာငုတ်တုတ်လေးထိုင်လိုက်ကာသူ့အပေါ်ခွံအင်္ကျီကိုချွတ်ပြီး မ ပေါ် ခြုံပေးလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် မ''
သူမကမော့မကြည့်ပဲဆက်ငိုနေသည်။ပျိုကလဲခုမှအမူးလဲပြေသွားသလိုရှက်လဲရှက်နေမိသည်။
" မ ကိုကျွန်တော်အသားယူသလိုဖြစ်သွားလို့ကျွန်တော်တောင်းပန်ပါတယ် ''
"ငါ ပြန်မယ်''သူမကထရပ်ပြီးထွက်သွားဖို့ပြင်တော့ သူက သူမလက်ကိုဖမ်းဆွဲထားသည်။သူမကရုန်းသော်လည်းမရချေ။
"အဲ့ထဲကိုထပ်သွားဦးမလို့လား ကျွန်တော် မကိုပြန်လိုက်ပို့မယ်''
သူမက အားကုန်စောင့်ရုန်းလိုက်တော့သူ့လက်မှလွတ်သွားသည်။
"နောက်တခါအသားယူချင်သေးလို့လား''
သူမကနားကျည်းနေသည့်မျက်နှာထားဖြင့်ခပ်ထေ့ထေ့လေးပြောသည်။ထို့နောက်သူခြုံပေးထားသည့်အင်္ကျီအားသူ့ဆီကိုပစ်ပေးပြီးထွက်သွားဖို့ပြင်သည်။သူမခြေလှမ်းတွေကိုသိတဲ့ ညကသူမလက်ကိုပိုင်ပိုင်နိုင်နိုင်စောင့်ဆွဲလိုက်တော့သူမရဲ့ခန္ဓာကိုယ်လေးကသူ့ရင်ခွင်ထဲသို့အလဲလဲအပြိုပြိုဝင်လာသည်။သူမကိုမရုန်းနိုင်အောင်ဖက်ထားရင်လက်တစ်ဖက်ကကားတံခါး ကိုဖွင့်လိုက်သည်။ထို့နောက်ညကသူအားပွေ့ချီလိုက်ကာ
"ခင်ဗျားကိုအသားယူမယ့်သူကကျွန်တော်ကလွဲပြီးဘယ်သူမှဖြစ်ခွင့်မရှိဘူး''
ပျိုကကြောက်လန့်တကြားဖြင့်သူ့အားထုနှက်နေသော်လည်းသူကချမပေးချေ။ကားထဲသို့သူမအားထိုင်စေပြီးသူ့ရဲ့အပေါ်ထပ်အင်္ကျီအားသူမဆီပစ်ပေးသည်။
"ခြုံထားလိုက် ''
ပြောပြီးသည်နှင့်ကားလေးမောင်းထွက်သွားသည်။ကားနောက်ခန်းထဲမှာပျိုတစ်ယောက်ထဲဆူပုတ်စောင့်အောင့်ပြီးတိုးတိုးတိတ်တိတ်မေတ္တာတွေပို့နေသော်လည်း ကားမောင်းနေသည့် သူ့မျက်နှာကတော့ပြုံးလို့ရွှင်လို့။
သူဟာ သူမ အတွက် မုန်းစရာကောင်းတဲ့ကယ်တင်ရှင်

"နွေအိမ်မက်ရဲ့ညအက္ခရာ..."(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now