Part20

1K 14 0
                                    


"တောက်စ်! ဒီကိစ္စကိုခုဘယ်လိုရှင်းမလဲ''
စားပွဲပေါ်သို့ သတင်းစာတစ်စောင်ပစ်ချပြီး စိတ်တိုနေသူက ဦးမျိုးနေဗလ။
"ဒါတွေဖြစ်လာတာ ရှင့်ကြောင့်လေ မမေးမမြန်းမပြောမဆိုနဲ့ စေ့စပ်ကြောင်းလမ်းကြောင်း ကြေငြာတာလေ ''
ပါတီမှာ မြဝတ်လွှာဆိုသည့်မိန်းကလေးနှင့်စေ့စပ်တော့မှာပါ ဆိုပြီးကြေငြာပြီးခါမှ ကိုယ့်သားကတခြားမိန်းကလေးနှင့်ဖြစ်ပျက်နေတာကို တွေ့လိုက်ရသည်။တစ်ဖက်ကမိန်းကလေးရှင်တွေကလဲ သူ့ကိုရစရာမရှိအောင်ပြောကြသည်။ မနေ့ညက ပါတီမှာလာသမျှလူတွေက မျက်မြင်သက်သေတွေဖြစ်နေကာ ယနေ့မနက်ကျတော့ သတင်းစာမှာပါလာသည်တဲ့လား။ဦးမျိုးနေဗလ ရှက်လွန်းလို့ သတ်သေချင်စိတ်ပေါက်နေသည်။သားဖြစ်သူကို အပြစ်တင်ရမလို ဇနီးကိုပဲအပြစ်တင်ရမလိုနဲ့ မစူးမစမ်းလုပ်လိုက်တဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရတော့မည့်အဖြစ်။
"ခုမှတော့  ဟိုမိန်းကလေးနဲ့့ပေးစားရတော့မယ်''
ဦးမျိုးနေဗလရဲ့ အပြောကို ဒေါ်ကေသီတင့် ကဖြူးဖြူးခါလျှက်
"အို ဘာကိစ္စပေးစားရမှာလဲ ဘယ်ကမှန်းမသိဘာမှန်းမသိနဲ့''
"မပေးစားလို့ရမလား ရှင်တို့က ကျွန်မတူမလေးကိုအရှက်ခွဲချင်တာလား''
အိမ်ထဲသို့ အစည်းအကမ်းမဲ့ ဝင်လာသောအမျိုးသမီးအား လင်မယားနှစ်ယောက်စလုံးကြည့်လိုက်မိသည်။
"အမေ့ စိတ်ထိန်းပါဦး''
နောက်မှ ပါလာသည့် ခေး က မျက်နှာပူလျှက်ရှိသည်။အမေက သတင်းစာကိုမြင်လို့ ချက်ချင်းလိုက်လာခြင်းဖြစ်သည်။ မကြီးပျိုကတော့ သူဘာမှမသိကြောင်း အစ်ကိုညနဲ့မပက်သတ်ကြောင်းကိုသာ အတွင်တွင်ပြောလေသည်။ ပါတီမှာ ခေးက ကိုယ့်အပေါင်းအသင်းနဲ့ကိုယ်ဆိုတော့ မကြီးပျိုနဲ့ကွဲသွားသည်။လူတွေစုစု စုစုဖြစ်နေလို့ သွားကြည့်တော့ အစ်ကိုညနဲ့မကြီးပျိုကို ပွေ့ဖက်လျှက်တွေ့ရသည်။ဘာတွေဘယ်လိုဖြစ်သွားမှန်း ခေးလဲမသိလိုက်။
"ခင်ဗျားက ဘယ်သူလဲ ''
"အန်တီက သတင်းစာထဲမှာပါတဲ့ မိန်းကလေးရဲ့အဒေါ်ပါ''
ကြားဝင်ဖြေပေးသူက မြင့်မားဖြစ်သည်။မြင့်မားအကူညီဖြင့် ည အိမ်သို့ရောက်လာခြင်းဖြစ်သည်။
"ဟုတ်တယ် ကျွန်မက သူ့ရဲ့အဒေါ်ပဲ သတင်းစာထဲထိ ပါလာပြီးမှ ရှင်တို့ကမပေးစားနိုင်ဘူးဆိုတော့ ရှင်တို့က ကျွန်မတူမလေးကိုသက်သက်အရှက်ခွဲတာပဲ ဘယ်မှာလဲရှင်တို့သား''
ဒေါ်မြနှစ် ကိုယ့်တူမကိုယ်လဲ စိတ်တိုသည်။ ''ဘယ်လိုဖြစ်သွားမှန်းသူလဲမသိဘူး''ဆိုသည့်စကားတစ်ခွန်းနဲ့တင် ဒေါ်မြနှစ်ဆူပူကြိမ်းမောင်းသမျှခေါင်းငုံခံနေသည်။ စိတ်တိုလွန်းလို့ တာဝန်ယူအောင်သွားပြောမယ်ဆိုပြန်တော့လဲ လက်အုပ်မချီရုံတမယ် တားလေသည်။
''သူနဲ့ပျိုဘာမှမဖြစ်ခဲ့ပါဘူး သူလဲသမီးကိုဘာမှအသားမယူပါဘူးဒေါ်လေးရာယ် ဘာမှသွားမပြောပါနဲ့နော်''တဲ့လေ။ကိုယ့်တူမလို အူနေအနေပုံမျိုးနဲ့ အရှက်တွေဘယ်လောက် အကွဲခံနေမည်မသိ။
"ရှင့်တူမက ငွေလိုချင်လို့ ကျွန်မသားကို အပိုင်ချိုင်လိုက်တာ မသိဘူးများထင်နေလား''
ဒေါ်ကေသီတင့်အသံက ဦးမျိုးနေဗလနောက်မှ ကျော်ထွက်လာသည်။
"အန်တီဒီလိုတော့ သားရှင်ပီပီကိုယ်ချင်းမစာမပြောပါနဲ့ ကျွန်မအစ်မကအဲ့လိုလူမျိုး မဟုတ်ဘူး''
ခေး က မခံနိုင်လို့ဝင်ပြောခြင်းပင်။ကိုယ်နဲ့ဘယ်လိုပဲအမြင်မကြည်ပါစေ မကြီးပျိုရဲ့ စိတ်ကို သူကောင်းကောင်းသိသည်။မလိမ်တတ် မညာတတ် သူများအပေါ်မကောင်းကြံလိုစိတ်မရှိတဲ့ မကြီးပျိုလိုလူက ပိုင်းလုံးလုပ်စရာလား။မတည့်သော်လည်း လက်သည်းစိတ်တော့ လက်ထိပ်နာသည်။သူနှင့်ကိုယ်က တစ်ဝမ်းထဲကွဲတဲ့ ညီအစ်မတွေ။
"ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မကတော့သဘောမတူနိုင်ဘူး''
ကိုယ့်သားကို သင်ဇာလေးနဲ့နေရာချပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ဒါကိုနည်းနည်းလေးမှမတိုင်ပင်ပဲ မြဝတ်လွှာဆိုသည့် ကောင်မလေးနဲ့စေ့စပ်ရက်ထကြော်ငြာသည့် အိမ်ကလူကြောင့် သူမစိတ်တိုနေတုန်း သားဖြစ်သူရဲ့လုပ်ရပ်က သူမကိုမူးလဲသည်အထိဖြစ်သွားစေသည်။ အိမ်မှာဒီလောက်ပူညံနေတာကို မနေ့ညက ဟိုမိန်းမခပ်လိုက်သည့် ဆေးကအရှိန်မပြေသေးပုံပါ ခုထိသားဖြစ်သူကနိုးမလာသေး။ဒီကိစ္စတွေက သား လာမှအမြန်ပြီးတော့မည်။
"ကျွန်တော်တို့ဘက်က တာဝန်ယူပေးမှာပါအစ်မ ဒီကိစ္စကိုအကျယ်အကျယ်မဖြစ်စေချင်ဘူး''
ဦးမျိုးနေဗလရဲ့ စကားကြောင့် ဒေါ်ကေသီတင့်က အံသြလျှက်
"ရှင်ဘာတွေပြောနေတာလဲ ဘာလို့ကျွန်မတို့သားကို ဒီလိုအခြေအမြစ်မရှိတာတွေနဲ့ပေးစားရမှာလဲ အလျော်ပေးလိုက်ရင်ပြီးသွားမယ့်ကိစ္စကို''
"တော်စမ်း မင်းတော်တော်ငွေပေါနေတာလား ခုတောင်မှ ငါ့တို့သိက္ခာဘယ်လောက်ကျနေပြီထင်လဲ ကိုယ့်သားနဲ့သတင်းထွက်ပြီး ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေတဲ့မိန်းကလေးကို ငွေအလျှော်ပေးပြီးအဆက်ဖြတ်ခိုင်းတယ် ဆိုပြီး ငါ့ကိုနောက်တစ်ရှက်ရစေချင်တာလား''
မျက်နှာတစ်ခုလုံးနီးရဲတင်းမာနေသည့် ယောကျာ်းဖြစ်သူအား ဒေါ်ကေသီတင့် စကားနာထပ်မထိုးဝံ့တော့ချေ။မကျေနပ်ခြင်းတွေက သားဆီကိုမဟုတ်ပဲ ဟိုပိုင်းလုံးမိန်းမဆီကိုသာ ရောက်လျှက်။
"ရှင်စကားကို ပြီးပြီးရောမပြောပါနဲ့ ဘယ်မှာလဲကာယကံရှင်ဖြစ်တဲ့ ရှင်တို့သား ကျွန်မသူနဲ့စကားပြောချင်တယ်''
"ကျွန်တော် မ ကိုလက်ထပ်မှာပါ......''
အားလုံးရဲ့မျက်လုံးတွေက အိမ်ပေါ်မှဆင်းလာသော ည ထံသို့စုပြုံလျှက်။ဒေါ်ကေသီတင့်က သားဖြစ်သူအား အနားဆွဲခေါ်ကာ
"သား မင်းဘာတွေလျှောက်ပြောနေတာလဲ မင်းအဖေကပြောတိုင်းလိုက်ပြောမနေနဲ့ အဲ့မိန်းကလေးကို သားသိနေတာလား''
ဒေါ်ကေသီတင့် က သားဖြစ်သူကိုနားမလည်နိုင်စွာကြည့်ပြီး မေးလေသည်။
"ပါး ပြောလို့လိုက်ပြောတာမဟုတ်ပါဘူး အရင်ထဲကသူ့ကို ပါးနဲ့မားကို မိတ်ဆက်ပေးဖို့စီစဉ်ထားတာ''
"မင်း ငါ့တူမလေးကို တကယ်လက်ထပ်ယူမှာ သေချာလား''
"ဟုတ်ကဲ့ သေချာပါတယ်''
"သား မင်းဆေးမိထားတာလား အစ်ကိုရှင့်သားကို မပြောတော့ဘူးလား''
ဒေါ်ကေသီတင့် တစ်ယောက်ထဲ သားနဲ့ယောကျာ်းကြားမှာ သွေးတက်နေခဲ့လျှက်။
အလကားသိုက်တူးတဲ့မိန်းမ ငါသားကိုဘယ်လောက်တောင်ကပ်ပြီး မြူဆွယ်ထားသည်မသိ သားဖြစ်သူက ယူမယ်တကဲကဲဖြစ်နေသည်။ တကယ်တော့ ဒေါ်ကေသီတင့်တို့ ခုထိထိုမိန်းကလေးကို သေချာမမြင်ဖူးသေးပေ။သူမအကြောင်းလဲ ဘာမှမသိရသေးပေ။သိသိ မသိသိ ဒေါ်ကေသီတင့် ကတော့ ထိုမိန်းကလေးအားမုန်းနေမိသည်။
"ဟိုဘက်က လက်ထပ်ဖို့သဘောတူလိုက်ပြီ''
"ရှင်......''
ဒေါ်လေးရဲ့စကားကြောင့် သူမမျက်လုံးပြုးသွားသည်။ဘယ်လိုတွေဖြစ်ကုန်တာလဲ။ သူနှင့်ညအက္ခရာက ဘာမှဖြစ်ခဲ့တာမဟုတ်တာ။သတင်းစာထဲပါလာတာကလဲ...
"ညည်းအဲ့လို ငူတူငိုင်တိုင်လုပ်မနေနဲ့ ညည်းလက်ထပ်လိုက်ရင်သူ့နောက်လိုက်နေရမှာ ညည်းဒီလိုအူတူတူအတတနိုင်ပုံမျိုးနဲ့ဆိုရင် ဟင်းး''
ဒေါ်လေးက သင်ပြင်းချပြီးသူမအားကြည့်နေတော့သည်။သူမရဲ့ရိုးရိုးအအပုံစံနဲ့ ဟိုအိမ်ကငွေစကားပြောလွန်းတဲ့ သူ့ယောက္ခမလောင်းနဲ့အဆင်ပြေပါ့မလားနော်။ရတဲ့သူချမ်းသာပြီးငယ်ရွယ်တဲ့သူနဲ့ဆိုတော့ ကံကောင်းတယ်လို့ဆိုရမည်လား။ဒေါ်မြနှစ်က တူမဖြစ်သူအတွက် စိုးရိမ်ပူပန်နေမိသည်။
အစ်ကိုညနဲ့အစ်မပျိုရဲ့ အဖြစ်ကိုကြားတော့ ခေး အံသြသွားတာကလွဲပြီးကျန်တာဘာမှမခံစားရချေ။ သူမကိုယ်သူမ အစ်ကိုညကိုချစ်နေတယ်လို့ ထင်ထားခဲ့တာလေ။တကယ်ဆို ခုလိုချိန်မှာ အနည်းဆုံးအနေနဲ့ သူမ ကြေကွဲနေမှာပေါ့။ခုတော့ ဘာမှမခံစားရပေ။ ဒါဆို ခေးက အစ်ကိုညရဲ့ ပုံပန်းသွင်ပြင်လောက်ကို ကြိုက်ခဲ့ရုံပေါ့။ခေးရင်ထဲမှာ အစ်ကိုည မရှိဘူးပေါ့။
"ဘယ်လိုဖြစ်သွားတာလဲ ''
နိုင်လေးနဲ့ညရဲ့အံ့သြသလို အမေးအား ညက မဖြေသေးပေ။
"ပါတီမှာတွေ့တုန်းက အံသြတာထက် သတင်းစာထဲမှာပါလာတော့ ငါ့တို့လုံးဝကိုရှော့စ်ဖြစ်သွားတာ မင်းအမေဆိုပါတီမှာ မူးတောင်လဲတယ် ''
သတင်းစာထဲမှာလဲ ည အဖေရဲ့နာမည်နဲ့ကုမ္ပဏီနာမည်တွေရာထူးတွေနဲ့တကွကို ဖော်ပြထားတာဖြစ်သည်။ပါတီမှာမြင်ရတုန်းကတောင် ရိုးရိုးလို့တွေးချင်တွေးလို့ရသေးသည်။
သတင်းစာထဲမှာရေးထားတာကျတော့ ညနဲ့ဟိုအစ်မက လွန်လွန်ကျုးကျုးပဲဖြစ်ပြီးသလိုလိုတွေ ဖြစ်ကုန်သည်။
"ငါစဉ်းစားနေတာကွ သတင်းသမားတွေက ဘယ်လိုလုပ်ရောက်လာတာလဲ ပြီးတော့ မင်းကရော ဘာလို့အိပ်ပျော်သွားရတာလဲ''
မြင့်မားနဲ့နိုင်လေးကသာ တစ်ယောက်တစ်လှည့် မေးခွန်းထုတ်နေကြသော်လည်း ညဆီမှ ဖြေသံကမလာ။
"ပီတိဖြာနေတာကို ခဏရပ်ပြီးမေးနေတာတွေလဲ ဖြေပါဦးဟ''
"ပီတိဖြာနေတာထက် ငါစဉ်းစားနေတာ''
ည ရဲ့အပြောကို နိုင်လေးနဲ့မြင့်မားက စိတ်ဝင်တစားနားထောင်လေသည်။
"သင်ဇာ ဘာအကြံအစည်တွေနဲ့ငါ့ကို ဒီလိုလုပ်တာလဲလို့''
"ဟမ် သင်ဇာ''
နိုင်လေးနဲ့မြင့်မားက တစ်ယာက်မျက်နှာတစ်ယောက် ကြည့်လိုက်မိသည်။
"သင်ဇာက ဘယ်က ဘယ်လိုပါလာတာလဲ''
"ငါ့ကို အိပ်ဆေးခပ်တာ သူပဲ''
"မင်းကမြင်လိုက်လို့လား''မေးတော့ ညက ခေါင်းရမ်းလိုက်သည်။
"မြင်တာမဟုတ်ဘူး ငါဘာမှမသောက်ရသေးဘူး သူတိုက်တဲ့ဝိုင်ကို ပထမဆုံးသောက်လိုက်တာပဲ ''
"ဒါဆို သတင်းထောက်ကိစ္စကလဲ သူပဲလားမသိဘူး''
"စုံစမ်းရမှာပေါ့ ''
"မင်းအမေနဲ့အဖေကို ဒီကိစ္စပြောမပြဘူးလား''
"မပြောပြဘူး ဒါသင်ဇာနဲ့ငါနဲ့ကြားကကိစ္စ သူနဲ့ပဲရှင်းမယ်''
"ဟာ မင်းအဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ မင်းအမေက မင်း မ ကိုထင်လွဲနေတာနော် မဖြစ်မနေမို့သာ လက်ထပ်ပေးရမှာ သဘောတူပုံမရဘူး''
မြင့်မားရဲ့ အပြောကြောင့် ည နှုတ်ဆိတ်သွားရသည်။
"ဒါနဲ့ မင်းအဖေစေ့စပ်ဖို့ကြေငြာတဲ့မိန်းကလေးရော ဘယ်လိုဖြစ်သွားပြီလဲ သူတို့ဘက်က တော်တော်လေးတင်းသွားမှာ ''
"အဲ့တစ်ယောက်က ငါတို့ကိုလာမိတ်ဆတ်တဲ့သူတဲ့ မင်းသိလား''
ပါးက စေ့စပ်ဖို့ကြေငြာတာကိုလဲ မြင့်မားဖုန်းဆက်ပြောထားလို့သာ သူသိရခြင်းဖြစ်သည်။ သူအိပ်ပျော်သွားခဲ့တဲ့ အခိုက်တန့်ကြားမှာ အဖြစ်အပျက်တွေက ပြောင်းဆန်လျှက်။
"ပါး ကတော့ တော်တော်ရှက်သွားတယ်ထင်တယ် ငါ့ကိုခုချိန်ထိလဲ  စကားမပြောဘူး အခန်းထဲမှာပဲနေနေတာ ''
"အေးလေ တကယ်တော့ မင်းအဖေက တိုင်တိုင်ပင်ပင်လုပ်သင့်တာ ခုတော့...''
"ဒါနဲ့မင်းအဖေ စီစဉ်တဲ့ တစ်ယောက်နာမည်က ဘယ်သူ...''
"မြဝတ်လွှာ.....''
နိုင်လေးရဲ့ အမေးအား ပြန်ဖြေသူက မြင့်မားလဲမဟုတ်သလို ညလဲမဟုတ်ပေ။သူတို့နောက်ကျောမှ အသံလာသည်မို့ ကြည့်လိုက်တော့ မြဝတ်လွှာဆိုသည့်မိန်းကလေးပင်။
"U ဒို့အပေါ်မှာ အကြွေးတင်သွားပြီ ညအက္ခရာ......''
ည က သူမအားပြန်စိုက်ကြည့်လျှက်
"ဘာကိုလဲ.....''
"ကျွန်မရဲ့ အရှက်နဲ့သိက္ခာအတွက်လေ ရှင်နဲ့အဲ့မိန်းမအေးချမ်းရလိမ့်မယ် မထင်နဲ့ ဒီလိုပြောလို့ ကျွန်မက ရှင့်ကိုချစ်နေတယ်လို့ မထင်လိုက်နဲ့နော် ကျွန်မကကိုယ်သဘောမကျတဲ့အရာဖြစ်နေရင်တောင် သူများယူမှာမလိုလားလို့ဖျက်စီးပစ်တတ်တဲ့သူမျိုး......''
ည ကသူမ ပြောစကားတွေကို ကြောင်ပြီးကြည့်နေတုန်း
"ဟာ.....''
"ည.....''
"မင်းဘာလုပ်လိုက်တာလဲ.....''
ည ရဲ့ခေါင်းပေါ်သို့အအေးတွေ သွန်ချလိုက်သောကြောင့် ညနှင်အတူနိုင်လေးတို့ပါ အံသြကုန်သည်။ ဆိုင်ထဲက လူတစ်ချို့ကလဲ ကြည့်နေကြ၏။
"Lessons One''
သူမက ထိုသို့ပြောပြီးတာနှင့် မချိပြုံးလေးပြုံးကာ ဆိုင်ထဲမှ ထွက်သွားတော့သည်။
မြဝတ်လွှာဆိုတာ အဲ့လို အငြိုးအတေးကြီးတဲ့မိန်းမပဲ။မာမီတို့ရဲ့သဘောအရ စေ့စပ်ဖို့သဘောတူလိုက်သည်။သူ့ကိုတွေ့ဖူးလိုက်တော့ မဆိုးလောက်ပါဘူးလို့ ခပ်ညံ့ညံလေးတွက်လိုက်မိသည်။စေ့စပ်ပြီးမှ သူ့ဘက်ကအချိုးမပြေရင် ကိုယ်ကစပြီးပလစ်ဖို့စဉ်းစားထားသည်။ဒါကိုပဲ စေ့စပ်ရက်ရှေ့ကကြော်ငြာ နောက်က ဘယ်ကမှန်းမသိတဲ့အပေါစားမိန်းမနဲ့ ဖြစ်ချင်တိုင်းဖြစ်နေသည်။ ဒါသက်သက်မဲ့ မြဝတ်လွှာရဲ့ဂုဏ်သိက္ခာကို စော်ကားတာ။ဒါမျိုးကို ငြိမ်ခံနေရအောင် မြဝတ်လွှာက အရူးမှမဟုတ်ပဲ။ ညအက္ခရာ ရှင်တို့မိသားစု အတွက် ပျော်စရာနေရက်တွေကို သေချာသာရှာပေတော့။
ဘယ်သူကအမှား ဘယ်သူကအမှန် ရွေးချယ်ရန်ခက်ခဲသော အခါ::::::

"နွေအိမ်မက်ရဲ့ညအက္ခရာ..."(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now