Part 9

3.7K 248 9
                                    

-အပိုင်း၉-

ငို၍ဝသောကလေးငယ်သည်
အနာကိုနာရကောင်းမှန်းသိတတ်လေပြီ
မီးဆိုလျှင်မထိဖို့ သူသင်ခန်းစာရခဲ့ပြီ
ဆက်ချစ်နေလည်းဆက်နာကျင်ရမှာမို့
သူမချစ်မိအောင်နေတော့မည်။

မနေ့ကတစ်ညလုံးငိုထားရ၍ အိပ်ရေးလည်းပျက်သလို ခေါင်းလည်းကိုက်နေလေသည်။
သို့သော်အလုပ်ကအလုပ်ပေမို့ သူထရသည်။

မနေ့ညကလုံးထားသော ကြက်သားကို ဆီပြန် ရေထည့်၍ချက်ရသည်။ ထမင်းကြော် ကြော်ဖို့မီးသွေးမီးဖိုတွင် မီးသွေးထည့်၊ထင်းရှူးဆီထည့်၍ မီးမွှေးရသည်။ထို့နောက် ထမင်းကို အရသာရှိအောင်ကြော်ရသည်။
အားလုံးပြင်ဆင်ပြီးသွားကာမှ ရေချိုးရန် ​အခန်းထဲတစ်ခေါက်ပြန်ဝင်လိုက်သည်။

တစ်ယောက်တည်းနေသည့်တိုင် ကျော်ကိုကိုသည်ဘယ်တော့မှ ပေါ့ပေါ့ပျက်ပျက်မနေပေ။ ရေချိုးမည်ဆို ရေလဲပုဆိုးနှင့်တဘတ်ပါတစ်ခါတည်းရေချိုးခန်းကိုအပါယူသည်။ စိတ်လည်းလန်းသွားအောင် ခေါင်းလျှော်မည်ဟုလည်း တွေးထားသည်။ ရေချိုးခန်းတံခါးလေးကို ဆွဲဖွင့်နေရုံရှိသေးသည်။ အိမ်ရှေ့မှ တံခါးခေါက်သံကြားလိုက်ရသည်။

တပက်လေးကို လွှားခြုံလျက် တံခါးကိုဆွဲဖွင့်လိုက်လျှင် လက်ထဲမှာလည်း တစ်ခါသုံးဘူးလေးနှင့်ဖော့ဘူးလေးများ ကိုင်ထားသော အစ်ကို။

"မင်းစားဖို့ ပဲနို့ရယ်အသားပေါင်းနဲ့ပေါက်စီဝယ်လာတာ"

"ရပါတယ်"

"ရော့ ယူလိုက်။ ငါလည်းတစ်ညလုံးပင်ပမ်းနေလို့ အိပ်တော့မယ်"

ကျော်ကိုကိုလည်း မငြင်းပဲယူလိုက်သည်။ B Jayy ကဘာစကားမှဆက်မဆိုပဲ မုန့်တွေပေးပြီးအပေါ်ထပ်ဆက်တက်သွားသည်။
အခန်းတံခါးပြန်ပိတ်ပြီး နံရံကချိတ်လေးမှာ အိတ်လေးတွေကိုချိတ်ထားလိုက်သည်။အရင်ဆုံး ရေချိုးဖို့လုပ်ရမည်မဟုတ်လား။

အသားပေါင်းကခြောက်လုံးပါသည်။ ပေါက်စီလေးကသုံးလုံးပါသည်။ အသားလုံးခြောက်လုံးနှင့်၇လွှာပေါက်စီလေးတစ်လုံးစားပြီး လူကအီလည်သွားလေပြီ။ ကျန်ပေါက်စီနှစ်လုံးကို  ရေခဲသေတ္တာထဲထည့်လိုက်ပြီး ပဲနို့လေးကိုသောက်လိုက်သည်။ ပဲနို့စစ်စစ်ကိုကျိုထားပြီး အရသာကအရမ်းပေါ့သည်။ထို့ကြောင့် ကျော်ကိုကို သကြားနှစ်ဇွန်းခပ်၍သောက်တတ်သည်။
စားသောက်ပြီးစီးကာမှ ဆိုင်သို့သွားလိုက်သည်။

You're My Attachment Where stories live. Discover now