Part 23

3.6K 292 12
                                    

-အပိုင်း၂၃-

ညနေဘက်အလုပ်သိမ်းချိန်ဆို ဂိမ်းဆိုင်တန်းသည် လူအစည်ကားဆုံးအချိန်ဖြစ်လေသည်။ ရမ္မက်အတောမသတ်နိုင်သော လောဘသားများ၏ ကျင်လည်ရာနေရာသည် ထိုလောင်းကစားဝိုင်းများတွင်သာရှိသည်။

စာရေးမနေရာလူလွတ်နေ၍အစားထိုးဝင်ရာမှ ကျော်ကိုကိုလည်းယခုဆို အမြဲတမ်းစာရေးလေးဖြစ်သွားလေသည်။ အစက B-Jayy တစ်ယောက်တည်း၏လစာသာရှိသော်လည်း ယခုဆို ကျော်ကိုကို၏လစာလည်းထပ်တိုးလာပြန်သည်။ ပုံမှန်လစာ ၃ သိန်းအပြင် ထမင်းဖိုးနှင့် တခြားမုန့်ဖိုးများပေါင်းလိုက်လျှင် တစ်လတစ်လကို ကျော်ကိုကိုတစ်ယောက်တည်း၏လစာပင် ၆သိန်း၊၇သိန်းခန့်ရှိသည်။

ညဂျူတီအလုပ်သွားရတော့မည်မို့ အားလုံးပြင်ဆင်ပြီး လင်မယားနှစ်ယောက်လည်းထွက်လာခဲ့ကြသည်။ ဘယ်လိုကြိုးမျိုးမှမနှောင်ပေမဲ့အများအမြင်မှာတော့ သူတို့ဟာ ပေါင်းသင်းနေထိုင်ကြသည့် အိမ်ထောင်ဖက်များသာမဟုတ်လား။

"အစ်ကို အာပူလျှာပူလေးဝင်သောက်ရအောင်"

"ဘာလို့သောက်မှာလဲ....
ဟိုတစ်ခါလည်း အသုပ်စုံအစပ်တွေစားတာ
မင်းဗိုက်အောင့်တယ်မဟုတ်လား"

"အစ်ကိုကလည်း"

ကျော်ကိုကိုကအလိုမကျသလိုတစ်ချက်ညီးလိုက်ပြီး ဘေးနားကနေကပ်ပါလာသည်။ အလိုလိုက်သင့်သည့်အခါမျိုးတွင်သာ B Jayyကအလိုလိုက်သည်။ အလိုမလိုက်သည့်အခါရော သူရှိခဲ့ဖူးသလားပြန်တွေးလျှင် ပေါင်းသင်းနေသည့် နှစ်လကျော်အတွင်းတော့ သူအလိုမလိုက်ခဲ့သည်မှာမရှိသလောက်ပါပင်။ ယခုလည်း သူ့နှုတ်ကသာ ဟန့်တားစကားများထွက်ခဲ့ပြီး တကယ်တမ်းသူ၏ခြေထောက်များသည် အာပူလျှာပူဆိုင်ထဲရောက်သွားလေသည်။

ဘေးနားကနေ ကပ်ပါလာသည့်ကျော်ကိုကိုက "ဘာလုပ်တာလဲ"ဆိုသည့်သဘောဖြင့် မျက်လုံးလေးပြူး၍ ကြည့်နေသည်။

"မင်းပဲအာပူလျှာပူဆို....
သောက်တာတော့သောက်.... အစပ်လျှော့သောက်...ကြားလား"

"ဟုတ်"

ခွင့်ပြုချက်ရပြီးနောက်ဝမ်းမြောက်သွားသည့် ​ကျော်ကိုကို့၏မျက်နှာမှာအတိုင်းမသိပင်။

You're My Attachment Where stories live. Discover now