-အပိုင်း၂၇-
ခေါင်းတစ်ခုလုံးမူးနောက်၍ သူသတိပြန်လည်လာခဲ့သည်။ ကျယ်ပြန့်သောအခန်းတစ်ခုတွင် အလင်းရောင်သည်ခပ်မှိန်မှိန်သာရှိသည်။
ပက်လက်လှဲနေရာမှ သူခြေဆင်းလျက်ထလိုက်သည်။ ဘေးနားတွင်လည်း သူနှင့်ရွယ်တူ ကောင်လေးတစ်ချို့ကအိပ်ပျော်နေကြသည်။
'ဒါဘယ်နေရာလဲ'
"ချောက်"
တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ လူဝင်လာသံ။ ကျော်ကိုကိုလည်း ကြမ်းခင်းပေါ်ပြန်လှဲချ၍ အိပ်ချင်ဟန်ဆောင်နေလိုက်သည်။
"ဒီတစ်ခေါက်တော့ငယ်ငယ်ချောချောလေးတွေများတယ်နော်"
"များဆို ငါကိုယ်တိုင်ရွေးထားတာပဲ"
ဒီအသံကို ကျော်ကိုကို ဒီအသံက။
သူ ငုတ်တုတ်ထထိုင်လိုက်သည်။ ထိုလူက ကျော်ကိုကို့ကိုပြန်ကြည့်လာသည်။
"မတွေ့တာကြာပြီနော်"
"လူယုတ်မာ"
ကျော်ကိုကိုက ပြစ်ပြစ်နှစ်နှစ်ဆဲလိုက်လျှင် ရဲခိုင်သည် မျက်နှာကိုတည်သွားလေသည်။
"ကျော်ကိုကို...ကျော်ကိုကို
မင်းသာငါ့မယားလုပ်ရင် ငါမင်းကိုဖမ်းခေါ်ဖို့အစီအစဥ်မရှိဘူး။ အခုတော့ မင်း တရုတ်မယားလုပ်ပေါ့ကွာ"ပြောပြီးရဲခိုင်နှင့်သူ့ဘေးကလူတို့ပြန်ထွက်သွားကြလေသည်။ အခန်းတစ်ခုလုံးသည်လည်း အလင်းရောင်မှိန်ပြပြသာရှိပြီး နေ့မသိညမသိအနေအထား။ သူဘယ်ကိုရောက်လို့ ဘာဆက်လိုဖြစ်မည်မှန်းလဲမသိပေ။
သူ စိတ်ဓာတ်ကျစွာငိုရှိုက်မိသည်။ ထိုအချိန်မှာ အစ်ကို့ကိုအရမ်းသတိရသည်။ အစ်ကိုသာ ရှိနေရင်သူဘာမှကြောက်မည်မဟုတ်။ အစ်ကိုကသူ့ကိုမချစ်သည့်တိုင် သံယောဇဥ်တော့ရှိသေးသည်မဟုတ်လား။
'အစ်ကိုရေ...ကျွန်တော်အစ်ကို့ကိုလွမ်းတယ်'
ရှိုက်ခါငိုနေမိသည်။အခန်းထောင့်တွင် ငုတ်တုတ်လေးကပ်ထိုင်၍ ဒူးနှစ်လုံးပေါ်ခေါင်းအပ်၍ သူမည်မျှအထိ ငိုမိသည်မသိ။ သူငိုလို့ဝ၍ ခေါင်းမော့ကြည့်လိုက်ကာမှ သူ့ကို ဝိုင်းကြည့်နေသော ကောင်ငယ်လေးများ။