အခန်း ၄၁ unicode

3.2K 248 7
                                    

အိပ်မောကျနေတဲ့ မောင့်မျက်နှာလေးကိုကြည့်ကာ ခိုးရယ်မိသည်။ ညက မသောက်စဖူးထန်းရည်တွေသောက်ပြီး ဖက်နမ်းတာ သူမဟုတ်တဲ့အတိုင်း။ နာရီကြည့်တော့ တစ်နာရီပင်ထိုးချေပြီ။ ယခုထက်ထိတစ်ရေးမှကိုမအိပ်ရသေး။ လေးနာရီလောက်ဆိုရင်ကို ထပြီး သက်ငယ်ပြင်ဆင်တာကူညီပေးရဦးမည်။ နောက်ပြီး အနားမှာရှိတဲ့ တေလေဂျပိုးမလေးကိုလည်း ထိန်းရပေဦးမည်။ အိပ်ရမှဖြစ်တော့မည်မို့ မောင့်ကိုကိုယ့်ရင်ခွင်ထဲထည့်ကာ မျက်လုံးအစုံမှိတ်ချလိုက်၏။

"သမီးခြယ် အပ်ချိတ်လေးပြေးယူဦးဟဲ့"

"ဟုတ် မေမေ"

"သမီး"

"ရှင် အန်တီရီ"

"နေနေမထသေးဘူးလားကွဲ့"

"ဟုတ်အန်တီရီ၊ စောပါသေးတယ် ပြီးကျမှ သမီးတက်နှိုးလိုက်မယ်"

လေးနာရီထိုးတာနဲ့ထပြီးမျက်နှာသစ် ဘေးအိမ်ပြေးရသည်။ သက်ငယ်ကတော့ မိတ်ကပ်တောင်ပြင်နေပေါ့။ မောင့်ကိုကြည့်တော့ မနှိုးရက်တာနဲ့ပဲ နဖူးလေးနမ်းပြီး စောင်ခြုံပေးထားခဲ့ရသည်။ သတို့သမီးဝတ်စုံက ညကမှပြန်ကျဉ်းပြီး ယခုမနက်ကို မျိုးခိုင်ကိုယ်တိုင်ယူလာပြီးကူညီရှာသည်။ ချုပ်တာက သက်ငယ်ရဲ့အမဝမ်းကွဲဆီမှာချုပ်ပြီး သူ့ကို ကိုယ်တိုင်ပြန်ပြင်ခိုင်းဖို့ကျ သူ့ရွာနဲ့အလှမ်းဝေးတာမို့ မျိုးခိုင်ဆီပဲပြေးလိုက်ရ၏။

ခြောက်နာရီထိုးသည်အထိ မောင်ပေါ်မလာသေးတာမို့ အပေါ်တက်နှိုးဖို့ပြင်ရသည်။ တချို့လူကြီး​ဆွေမျိုးတွေတောင်ရောက်နေရောပေါ့ကို။

"မောင်..မောင်လို့ ထတော့လေကွယ် ဘယ့်နှဲ့အချိိန်ထိ"

"ခေါင်းကိုက်လိုက်တာ"

"ကိုက်မှာပေါ့ရှင် ဘာလို့သောက်သေးလဲ၊ အံ့ဩပါ့ ထန်းရည်များ အခုမှသောက်ဖူးသလား"

"သူများလာပေးတော့ အားနာစရာကြီးလေ"

"အဲ့တာဆိုလည်း တော်ရုံသင့်ရုံသောက်ပေါ့၊ ရှင့်ဟာရှင်မူးတာက အကြောင်းမဟုတ်ဘူး၊ ကျွန်မပါ ငါးပါးမှောက်တော့မလို့"

"မမှောက်လိုက်ဘူးပေါ့ ဟာကွာ"

"ထ မျက်နှာသစ်စမ်း ပေါက်ကရလေးဆယ်ပြောမနေနဲ့"

အချစ်မေတ္တာအဖြေခက်သားကွယ်Where stories live. Discover now