Mood song: past lives by Sapient dream
_______________________☘️
အထိန်းတော်မင်သည် အရှေ့အိမ်တော်ဆီသို့ နေကြာတွေလာပို့ရန်စေခိုင်းသဖြင့် ချယ်နှင့်ဇူဟာသည် တခြားပန်းစိုက်တဲ့ အလုပ်သမားတွေနှင့်အတူ လက်ထဲမှာ နေကြာတွေအများကြီးကို ပွေ့လာရ၏။ လှည်းတစ်ခုခုနဲ့ တွန်းပို့လည်း ရပေမယ်လို့ အထိန်းတော်မင်က နေကြာတွေကျိုးကြေသွားမှာစိုးတာမို့ လူကိုယ်တိုင်တယုတယပွေ့ပိုက်ခိုင်းပြီးလာပို့စေ၏။ နေခြည်ဖြာကျလျက်ရှိရာ ချယ့်ရင်ခွင်ထဲက နေကြာပန်းတွေသည် ရွှေရောင်ရွှန်းဖိတ်တောက်ပနေသည်။ ဘာရယ်ကြောင့်မှန်းမသိပေမယ့် ရင်ဘတ်ထဲမှာနေကြာတွေကိုပွေ့ထားရတဲ့ ခံစားချက်သည် နွေးထွေးလှပါသည်။
နတ်သမီးရုပ်ထုတွေအစီအရီနဲ့အလှဆင်ထားတဲ့ ကင်မ်အိမ်တော်ဆီဦးတည်သည့် လမ်းကလေးသည် ဖြူးနေပြီး လမ်း၏ လက်ဝဲလက်ယာဘေးတစ်ဖက်တစ်ချက်မှာ cosmos ပန်းလေးတွေစိုက်ထားသည်။ ဝေဟင်ပြာပြာအောက်က ကင်မ်အိမ်တော်ကြီးဟာ နန်းငွေ့နန်းသက်တို့နှင့် နှံစပ်ပြည့်လျှံနေပါသည်။အိမ်တော်တွင်းရှိပန်းဥယျာဉ်ထဲက ကြာပွင့်သဏ္ဍန်ရေပန်းသည် ရင်သပ်မှုမောဖွယ်ရာအလှနှင့် ချယ်တို့ကိုဆီးကြိုနေသည်။ စုံညီလှသောအလှတရားတို့သည် ကင်မ်အိမ်တော်အား အဖက်ဖက်မှပြည့်စုံစေပါသည်။
ကင်မ်အိမ်တော်အတွင်းမှာလည်း သူ့တာဝန်နဲ့သူ အလုပ်လုပ်နေကြသော လူတွေကိုမစဲဘဲခပ်စိပ်စိပ်တွေ့ရပါသည်။ မြို့မျက်နှာဖုံးအိမ်တော်ဆိုတော့ ဒီလိုအလှမျိုးနဲ့ ဒီလိုအလုပ်သမားတွေပျားပန်းခတ်မျှလှုပ်ရှားနေကြသည်မှာ ဆန်းလှသည်မဟုတ်ချေ။
အိမ်တော်အတွင်းရှိ ဇရပ်တစ်ခုအောက်၌အထိန်းတော်မင်သည် တည်တံ့စွာထိုင်နေသည်ကို တွေ့မြင်ရပါသည်။
အထိန်းတော်မင်သည် သူတို့အလုပ်သမားတွေအားလုံးအတွက်တော့ ခေါင်းဆောင်တစ်ယောက်ရော အစ်မကြီးတစ်ဖြစ်မို့ ကင်မ်အိမ်တော်ရှိအလုပ်သမားအားလုံးက အထိန်းတော်မင်ဆိုရင် ခင်ခင်မင်မင်ရှိကြပြီး လေးစားသမှုနှင့် တရင်းတနှီးဆက်ဆံကြသည်။ ထို့ကြောင့် အထိန်းတော်မင်၌ အမည်မသိရောင်ဝါတစ်မျိုးမျိုးရှိနေခဲ့သည်မှာအမှန်ပင်။ အသက်အရွယ်မှာလူလတ်ပိုင်းရောက်ခဲ့ပြီဖြစ်သော်လည်း အထိန်းတော်မင်၏ မျက်မှာမှာကြည်ဝင်းတင်းရင်းနေသည်။ အိမ်တော်ကြီးရဲ့တာဝန်ကို တစ်စိတ်တစ်ပိုင်းတာဝန်ယူထားနိုင်သည့် အထိန်းတော်မင်ကို ချယ်လေးစားမိပါသည်။
YOU ARE READING
Polaroid Blessings(Chaesoo)
Fanfictionသိပ်လှတဲ့အရာတွေမှာ အသက်ဓာတ်ကို ညှို့ယူနိုင်တဲ့အစွမ်းရှိသတဲ့။ ဥမမာဆိုရရင် သူမရဲ့ အပြုံးညိုတွေ.....။