Unicode
ချန်းယောင်းအတွက်တော့ ဝန်ဘင်းဟျောင်းက အမြဲပြောင်းလဲနေတတ်တဲ့ရာသီဥတုလေးနဲ့တူတယ်။
တစ်ခါတစ်ရံအုံ့အုံ့မှိုင်းမှိုင်းလေးဖြစ်နေတတ်သလို တစ်ခါတစ်လေလည်းကြည်ကြည်လင်လင်လေးရှိနေတတ်တယ်။ တစ်ခါတစ်ရံချစ်စရာကောင်းစွာဆိုးရွားနေတတ်ပြန်ပြီး တစ်ခါတစ်ရံကြရင်လည်း အေးမြတဲ့လေပြေလေးတွေလိုမျိုးနူးညံ့နေပြန်တယ်။
သူများတွေ အချစ်ဦးကိုဘယ်လိုစ,ပြီးချစ်မိသွားလဲမသိပေမယ့် ချန်းယောင်းအတွက်တော့ဖန်သားကဲ့သို့ ပကတိကြည်စင်တဲ့မျက်လုံးတွေကနေစတင်ခဲ့တယ်။
အဲ့ဒီတုန်းက ချန်းယောင်းအသက်၁၃နှစ်။ ကျောင်းပိတ်ရက်ရှည်အတွင်း အူလ်ဆန်ကအဘိုးအဘွားတွေဆီကို ခဏအလည်အပတ်လာခဲ့တဲ့အချိန်ပေါ့။
"သား ရပ်ကွက်ထဲကိုစက်ဘီးပတ်စီးလိုက်ဦးမယ် အဘွား"
"ဖြည်းဖြည်းနင်းနော် ချန်းယောင်း"
"ဟုတ်"
တီရှပ်အစင်းကြားနဲ့ ဒူးအထက်ရှိတဲ့ဘောင်းဘီတိုလေးတွဲဝတ်ရတဲ့trendက အဲ့တုန်းက ချန်းယောင်းသဘောအကျဆုံးဖက်ရှင်ဖြစ်ခဲ့တာ။ ဘယ်လောက်ထိသဘောကျလဲဆိုရင် တီရှပ်အစင်းရောင်စုံနဲ့ တီရှပ်အရောင်အလိုက် ဘောင်းဘီတိုရောင်စုံတွေပါ setလိုက်ဝယ်ထားတဲ့အထိပေါ့။
ဝန်ဘင်းဟျောင်းနဲ့စတွေ့တဲ့နေ့မှာလည်း ချန်းယောင်းက အဲ့လိုone setဝတ်ထားခဲ့တာ။ သူသဘောအကျဆုံးအညိုရောင်setလေး။
ရပ်ကွက်တစ်ခုလုံးနီးပါးစက်ဘီးပတ်စီးပြီးနောက် 24hour storeမှာ မုန့်ဝင်စားပြီး အိမ်ကိုပြန်လာတဲ့လမ်းမှာဖြစ်တယ်။ နက်ပြာရောင်ကျောပြင်လေးတစ်ခုကိုမြင်လိုက်တော့ ကိုရီးယားကျောင်းယူနီဖောင်းကအဲ့ဒါလားဆိုတဲ့အတွေးအပြင် ဘာမှမရှိခဲ့။ ဒီအတိုင်း စက်ဘီးကိုဖြည်းဖြည်းနင်းရင်း သူနဲ့ဦးတည်ရာလမ်းကြောင်းတူတဲ့ အဲ့ဒီကျောင်းသားကိုကျော်တက်သွားမယ်လို့ပဲစဥ်းစားခဲ့တာပေါ့။
ဒါပေမယ့် ရုတ်တရက်ကြီး ဦးတည်ရာပြောင်းပြီး ဘယ်ကိုမှမကြည့်ဘဲသူ့စက်ဘီးရှေ့ကိုဖြတ်လျှောက်ဖို့ လူသွားလမ်းပလက်ဖောင်းပေါ်ကဆင်းချလာတဲ့နက်ပြာရောင်လေးကြောင့် ချန်းယောင်းမျက်လုံးတွေပြာသွားပြီး ဘဲလ်ကိုအဆက်မပြတ်တီးမိတယ်။ သို့သော်လည်း ထိုလူကတုပ်တုပ်ပင်မလှုပ်။