> 11 <

590 67 8
                                    

Unicode

ချန်းယောင်းကိုဆေးထည့်ပေးနေတုန်းမှာပဲ ရှေ့နေဂျယ်နိုက တရားခံဖမ်းမိသွားတဲ့အတွက် ဝန်ဘင်းကို ဥပဒေအရလုပ်ရိုးလုပ်စဥ်တွေကိုရှင်းပြပေးတယ်။ တကယ်တော့ ဝန်ဘင်းရဲ့အမှုက စိန်ခေါ်မှုတစ်ခုဖြစ်လောက်တဲ့အထိမခက်ခဲပေမယ့် အဓိကကဝန်ဘင်းနဲ့ဆက်စပ်နေလို့သာ ခက်ခဲနေတာပါပဲ။ တစ်ခုခုအလွဲအချော်ဖြစ်သွားခဲ့ရင် အောက်ဆုံးအထိထိုးကျသွားမယ့်လူက ဝန်ဘင်းတစ်ယောက်တည်းမဟုတ်ဘဲ သူ့ဘက်မှာရပ်တည်တဲ့လူတွေကိုလည်း သူကဆွဲချသွားနိုင်တယ်။ အဲ့ဒီထဲမှာမှ အဓိကအခရာကတော့ သူ့ရဲ့ရှေ့နေပေါ့။

"မင်းသိလား ချန်းယောင်းက ဒီအမှုကိုလိုက်ဖို့အတွက် အခြားအမှုသည်ဘယ်နှစ်ယောက်ကို လက်လွှတ်ခဲ့လဲဆိုတာ"

ဥပဒေအကြောင်းအရာတွေကနေ ရုတ်တရက်ခွဲထွက်သွားတဲ့အပြင် လေသံကလည်းခပ်တည်တည်ဖြစ်သွားတာမို့ ဝန်ဘင်းက ချက်ချင်းပဲ သူ့ကိုယ်သူအဆူခံနေရတဲ့အထက်တန်းကျောင်းသားတစ်ယောက်လိုခံစားလိုက်ရတယ်။

"ဗျာ"

အူလည်လည်ဖြစ်သွားတဲ့ဝန်ဘင်းရဲ့အမူအရာကို ကျေနပ်ပုံမရတဲ့ရှေ့နေဂျယ်နိုက လက်ကိုမာန်ပါပါပိုက်ရင်း နောက်ထပ်သြဝါဒတွေခြွေဖို့ပြင်တော့တယ်။

"အဆင်ပြေရဲ့လား စီနီယာချန်းယောင်း"

အသံစူးစူးတစ်ခု ကြားဖြတ်ဝင်ရောက်လာမှုဟာ ဝန်ဘင်းအတွက် ကံကောင်းတာလား ကံဆိုးတာလားမသဲကွဲ။ ဘာလို့လဲဆိုရင် ထပ်ပြီးအဆူခံရမယ့်ဘေးကလွတ်သွားပေမယ့် အသံပိုင်ရှင်က ဟိုတစ်နေ့ကတွေ့ခဲ့တဲ့ ချန်းယောင်းရဲ့ဂျူနီယာမလေးဖြစ်နေလို့ပါပဲ။

"စီနီယာဂျယ်နိုလည်းရှိတာပဲ၊ ကျွန်မနဲ့ဂျွန်းလေးက အမှုသည်နဲ့လာတွေ့ရင်း အကိုဂျယ်မင်းရဲ့ဆေးရုံမှာစီနီယာချန်းယောင်းရှိတယ်လို့ ရုံးကဖုန်းရလို့ဝင်ခဲ့တာ"

အဲ့ဒီမိန်းကလေးက ဝန်ဘင်းမသိခဲ့တဲ့ ချန်းယောင်းဘေးကလူတွေကိုသိနေခဲ့တာပဲ။ ဝန်ဘင်းမရင်းနှီးခဲ့တဲ့ ချန်းယောင်းရဲ့ပတ်ဝန်းကျင်ကလူတွေ၊ ဝန်ဘင်းမမြင်ခဲ့ရတဲ့ ချန်းယောင်းရဲ့တစ်နေ့တာတွေ၊ ဝန်ဘင်းမရှိခဲ့တဲ့ ချန်းယောင်းရဲ့အတိတ်တွေ၊ ဒါတွေအားလုံးမှာ အဲ့ဒီမိန်းကလေးရှိနေတာပဲလို့တွေးမိတော့ ဝန်ဘင်းဘက်က တစ်ဖတ်သတ်ထင်မြင်မိတဲ့ကိစ္စတစ်ခုဟာ ဖြစ်နိုင်ချေပိုများလာသလိုလို။

Say YES To Me (COMPLETED)Where stories live. Discover now