> 9 <

559 64 4
                                    

Unicode


ရုံးချိန်းမရောက်မှီတစ်ရက်အလိုမှာပဲ မန်နေဂျာဂန်နဲ့အဆက်အသွယ်ရပြီး သူဌေးရဲ့ကားဘလက်ဘောက်စ်ကိုတောင်းတော့ အဲ့ဒီလူကနည်းနည်းအင်တင်တင်ဖြစ်ချင်နေသေးတယ်။ ဒါနဲ့ပဲ ချန်းယောင်းက ရှေ့နေဆိုတဲ့အာဏာကိုမဖြစ်မနေထုတ်ပြရတော့တယ်။ ပုံမှန်အားဖြင့် ရှေ့နေတစ်ယောက်ရဲ့တာဝန်အရမို့ပူးပေါင်းပေးပါဆိုတာတွေကို ချန်းယောင်းကသုံးလေ့သုံးထမရှိဘူး။ ဘယ်အရာမဆို တစ်ဖက်လူက ဘယ်လောက်ပဲဖိအားပေးပေး ကိုယ်တိုင်လိုလိုလားလားရှိမှ လက်ခံရကောင်းတာလို့ပဲ သူကယူဆထားခဲ့တာ။

ဒါပေမယ့် အခုတစ်ခေါက်ကတော့မတူ။
သူ အဲ့ဒီအာဏာကိုမှမသုံးရင် ရုံးချိန်းရက်မှာ ပြစရာသက်သေမရှိဘဲဖြစ်သွားမှာမို့ လိုတာထက်ပိုပြီးအကဲဆတ်မိတော့ မန်နေဂျာဂန်မှာ ကြောက်ကြောက်လန့်လန့်ရယ်။ ပြီးတော့ သိပ်မကြာလိုက်ဘူး၊ နာရီပိုင်းလောက်စောင့်ပြီးတဲ့နောက်မှာပဲ သူဌေးရဲ့ကားဘလက်ဘောက်စ်က ချန်းယောင်းရှေ့နေရုံးခန်းကို အမြန်ချောပို့နဲ့ရောက်လာခဲ့တယ်။

"စီနီယာချန်းယောင်းသိလား"

"ဘာကိုလဲ ဂျူယွန်း"

"အခုလက်ရှိမှာ စီနီယာချန်းယောင်းကသိပ်ကြောက်ဖို့ကောင်းနေတယ် ... မျက်နှာရော အပြုအမူတွေရော"

တကယ်တော့ စောစောက သူ မန်နေဂျာဂန်နဲ့ဖုန်းပြောတုန်းက လေသံမာမာနဲ့ခြိမ်းခြောက်မိတာကို တစ်ရုံးလုံးကလူတွေအံ့သြနေကြမှာဆိုတာ ချန်းယောင်းကိုယ်တိုင်လည်းသိပါတယ်။ အခုချိန်ထိ လက်ခံရတဲ့အမှုတွေတိုင်းကို အေးဆေးတိတ်ဆိတ်စွာကိုင်တွယ်တတ်တဲ့ ချန်းယောင်းလိုလူအတွက်တော့ ဟုတ်ပါတယ်၊ ဒါက အများအမြင်မှာသိပ်ဆန်းကြယ်နေခဲ့မှာပေါ့။

"ဒါပေမယ့် အားလုံးကနားလည်ပါတယ်၊ စီနီယာ့အတွက် အရေးကြီးတဲ့အမှုပဲကို၊ ဝန်ဘင်းနင်းမ်ကိုအဲ့ဒီလောက်တောင်သဘောကျတယ်လား စီနီယာ"

"အဟင်း ... ဒါပေါ့"

သူ ဝန်ဘင်းဟျောင်းကိုချစ်ခဲ့တဲ့အကြောင်းအရာက တစ်ရုံးလုံးသိနေကြတဲ့ကိစ္စဖြစ်တယ်။ တကူးတကရယ်လို့ပြောပြထားတာမဟုတ်ပေမယ့် ဥပဒေတက္ကသိုလ်တက်တုန်းကရင်းနှီးခဲ့တဲ့ သူ့ရဲ့အတွင်းသိအဆင်းသိစီနီယာက ဒီရှေ့နေရုံးခန်းရဲ့ပိုင်ရှင်ဖြစ်နေတာကပဲ အခုလို တစ်ရုံးလုံးကိုအဲ့ဒီသတင်းပြန့်ခဲ့တဲ့ဇစ်မြစ်ဖြစ်နေခဲ့တာ။

Say YES To Me (COMPLETED)Where stories live. Discover now