> 7 <

505 68 3
                                    

Unicode

မနက်ဖြန် ပထမဆုံးရုံးချိန်းဖြစ်တာမို့ စောစောအိပ်ရာဝင်ခဲ့ပေမယ့် ဝန်ဘင်းတော်တော်နဲ့အိပ်မပျော်ပါ။ ဆေးစစ်ချက်အဖြေကိုကြားနာရုံသာဖြစ်ပြီး 'မူးယစ်ဆေး မသုံးစွဲထားပါ'ဆိုတဲ့ အဖြေထွက်လာမှာသေချာပေါက်မို့ ရှေ့နေအထူးတလည်မလိုသေးတာက တော်သေးတာပါပဲ။

သူ့အနေနဲ့လည်း ရှေ့နေမရှာနိုင်သေးသလို လွန်ခဲ့တဲ့သုံးရက်လောက်ကအထိ စိတ်အားထက်သန်နေခဲ့တဲ့ချန်းယောင်းကလည်း သူနဲ့တွေ့ဖို့ဝေးစွ ဖုန်းပင်ဆက်မလာခဲ့ပါ။ ကြည့်ရတာ လက်လျှော့သွားတဲ့ပုံ။ တိတိကျကျပြောရရင် ခါးပိုက်နှိုက်ခံရတဲ့နေ့နောက်ပိုင်း သူတို့ထပ်ပြီးမတွေ့ဖြစ်ကြသလို ချန်းယောင်းရဲ့ 'နောက်ရက်မှ ထပ်ဆွေးကြတာပေါ့' ဆိုတဲ့စကားကလည်း ဘယ်တော့ကိုပြောမှန်းသူမသိခဲ့ပါ။

မသိဘဲနဲ့တောင် နည်းနည်းလေးမျှော်နေမိသေးတဲ့ကိုယ့်ကိုကိုယ်လည်း ဝန်ဘင်းကမကျေနပ်ခဲ့။ တကယ်ဆို ချန်းယောင်းနဲ့ပတ်သတ်ရင် သူ့ကိုယ်သူအပေါ်ကို မကျေနပ်ချက်တွေသိပ်များခဲ့တာ ဟိုးအရင်ကတည်းက။

'မင်းသိပ်ဖြစ်ချင်တဲ့အနုပညာအလုပ်က ဘယ်လောက်တောင်ကြီးကျယ်မြင့်မြတ်နေလို့လဲ'လို့ အဖေပြောတိုင်း ဝန်ဘင်း မခံချင်ဖြစ်ရစမြဲ။ ဒီလိုပြောရတဲ့အကြောင်းအရင်းကလည်း ခိုင်ခိုင်မာမာရှိခဲ့တာမို့ ခဲမှန်ဖူးတဲ့စာသူငယ်နဲ့တူတဲ့အဖေကိုလည်း ဝန်ဘင်းမမုန်းခဲ့ပါ။ အဲ့ဒီအစား ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ အဖေ့ကိုသက်သေပြချင်တာပဲရှိခဲ့တာ။ အဲ့လိုသက်သေပြနိုင်ဖို့အတွက် အပေးအယူအနေနဲ့စတေးခဲ့ရတာကတော့ သူ့ရဲ့ပထမဆုံးတွေပေါ့။

ပထမဆုံးခံစားချက်
ပထမဆုံးရင်ခုန်မှု
ပထမဆုံးအချစ်
ပထမဆုံးလူ ....

အဲ့ဒီအကြောင်းတွေကိုတွေးမိရင် ဝန်ဘင်းစိတ်လိုလက်ရမုန်းပစ်ချင်တဲ့ အမေ့အကြောင်းလည်းပါလာမှာဖြစ်တယ်။ ရင်းနှီးရခက်ခဲပြီး လွယ်လွယ်နဲ့စိတ်ဖွင့်ပေးလေ့မရှိတဲ့ ဝန်ဘင်းရဲ့အတိတ်မှာ ဒီလူသုံးယောက်ကလွဲပြီး အထူးတလည်တမ်းတစရာမရှိတဲ့အထိ တွယ်တာရာရပ်ဝန်းလေးက သေးငယ်ခဲ့တာ။

Say YES To Me (COMPLETED)Where stories live. Discover now