အပိုင်း(၅)

435 33 2
                                    

ယနေ့ကား Valentine Day

   သွဲ့လိုဆိုသိမှာမဟုတ်ပေမယ့် မနက်အိပ်ယာနိုးတော့ ဖုန်းဖွင့်ပြီး လိုင်းသုံးနေစဉ် ချောကလက်များ၊ surprise box များ ရရှိထားကြသော မိန်းကလေးများ၏ postများကို ပလူပျံနေအောင် မြင်တွေ့နေရတာမို့ ယနေ့ Valentine Day မှန်းသိရှိခြင်းဖြစ်သည်။
သိပ်အာရုံနောက်စရာကောင်းသော အတွဲများပါပင်။ ဆက်ကြည့်နေလျှင်လည်း ဒါတွေပဲ ထပ်တက်လာမှာမို့ သွဲ့ဖုန်းကိုပိတ်ကာ ဆိုင်သွားဖို့ပြင်လိုက်တော့သည်။

  မာမီက ဗဟိုချထားတဲ့မြို့ထဲက ဆိုင်ကိုပဲဦးစီးနိုင်တာမို့ သွဲ့က ဆိုင်ခွဲတွေဘက်ကို အာရုံစိုက်နေရသည်။
ဒီနေ့ ဗိုလ်ချုပ်ဈေးထဲက ဆိုင်ကိုသွားရမည်ပင်။

   ပေါ့ပေါ့ပါးပါး ဒူးဖုံးဂါဝန်အမဲလေးကို ဝတ်ဆင်ကာ လက်တွင် ROLEX ရွှေရောင် အလုံးသေး နာရီလေးကိုဝတ်ဆင်လိုက်ပြီး အနည်းငယ်ခြယ်သထားသော ကိုယ့်ကိုကိုယ်ကို မှန်ထဲတွင်ကြည့်မိသည်။
ကျောလယ်လောက်ရှိသော ကော်ဖီ‌ရောင် ဆံပင်တွေကို အခွေလိုက်တွေ ကောက်ထားတာမို့ လူက နိုင်ငံခြားသူလေးနှင့်တောင်တူနေပြန်သည်။ မျက်လုံးကိုတော့ မျက်ကပ်မှန်အ‌ရောင်အမျိုးမျိုးတပ်ရတာ သဘောကျတဲ့လူမို့ ဒီနေ့အတွက် Lavender အရောင်လေးရွေးခြယ်ထားမိပါသည်။

   ကိုယ့်ကိုကိုယ်ခြေဆုံးခေါင်းဆုံးကြည့်ကာ အဆင်ပြေပြီဆိုမှ အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်။

"သမီးလေး၊ မနက်စာစားလို့ရပြီ"

"ဟုတ်၊ လာပြီ ကြီးကြီး"

   သွဲ့လဲ မနက်စာဝိုင်းတွင် ဝင်ထိုင်ကာ အိမ်တော်ထိန်းအဒေါ်ကြီး ပြင်ပေးသော မုန့်ဟင်းခါးကို စားလိုက်သည်။ မနက်စာဝိုင်းက သွဲ့တစ်ယောက်တည်းမို့ ခြောက်ကပ်နေပေမယ့် ကိုယ်ကြိုက်သောအစားအစာကိုစားရတာမို့ ခြောက်ကပ်နေမှန်းလဲ သတိမထားမိတော့ပါ။ သွဲ့မြန်မာအစားအစာတွေကို လွမ်းနေမှန်း ကြီးကြီးကသိတာမို့ ငယ်ငယ်က သွဲ့အရမ်းကြိုက်တဲ့ လမ်းထိပ်ကမုန့်ဟင်းခါးဆိုင်ကနေ တစ်ကူးတစ်က သွားဝယ်ပေးလာတာဖြစ်သည်။

    ဒယ်ဒီက ကျန်းမာရေးသိပ်မကောင်းတာမို့ တစ်နေကုန်အိမ်ထဲကအိမ်ပြင်သိပ်မထွက်၊ မနက်စာ
နေ့လည်စာ ညစာ အကုန် သူ့အခန်းထဲကိုပဲ ပို့ပေးရတာဖြစ်သည်။ မာမီကလဲ ဆိုင်ကိုအစောကြီးသွားတတ်သည်။ သွဲ့ဒီပြန်ရောက်တာ တစ်ပတ်လောက်ရှိနေပြီပေမယ့် မိသားစု စုံစုံညီညီ တစ်ခါမှ ထမင်းလက်စုံ မစားရသေးပါ။ ကိုယ့်မိသားစုစီ ပြန်လာရပေမယ့် သွဲ့အထီးကျန်သလိုခံစားရသည်။ ထိုခံစားချက်တွေကို ကြာကြာမခံစားချင်တာကြောင့် ဆိုင်လုပ်ငန်းတွေထဲသာ မြန်မြန်တိုးဝင်မိသည်။

Ex To Lover Again!Where stories live. Discover now