အပိုင်း(၉)

507 40 10
                                    

"ပုဂံ‌ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ" ဆိုသည့် မြို့ရိုးကို စဝင်တော့ အချိန်ကား ည၉နာရီပင်ရှိနေပြီ။ ယိမ်းတို့ တည်းမည့် ဟိုတယ်ကို ရောက်ဖို့ နာရီဝက်လောက်ထပ်မောင်းပြီးနောက်တွင် ကြီးမားလှသော သစ်လုံးကြီးများဖြင့်သာ အရှည်လိုက် ခိုင်ခံ့စွာ ကာရံထားသည့် ကျယ်ဝန်းလှသော ခြံဝန်းကြီးထဲသို့ ယိမ်းတို့ကားလေး ဝင်လာခဲ့လိုက်သည်။Express ကားကြီးကတော့ အနောက် ခပ်လှမ်းလှမ်းမှ ပါလာတာမို့ Hotel ရောက်ဖို့ အနည်းငယ် လိုဦးမည်ပင်။

ခြံဝန်းတံခါးကြီး၏ဘေးတွင် သစ်လုံးများလေးလုံးလောက်ဆင့်ထားပြီး အချောသတ်ထားသည့်ပေါ်တွင် "Hotel Bagan" ဟူသော စာလုံးကြီးများကို ထင်းနေအောင် တွေ့ရမည်ဖြစ်သည်။ ပတ်ပတ်လည်တွင် ကာရံထားသော သစ်လုံးများပေါ်တွင်လည်း သစ်လုံး တစ်ခုနှင့် တစ်ခုအခြာ၌ ဝါကျင်ကျင်မီးလုံးများ စီနေအောင်ထွန်းထားတာမို့ ခြံဝန်းတစ်ခုလုံး ညရောက်နေတယ်လို့ မထင်ရအောင်ကို လင်းထိန်နေတာဖြစ်သည်။

ဟိုတယ်ပုံစံကတော့ အထပ်မြင့်အဆောက်အဦးကြီးမဟုတ်ပဲ ကျယ်ဝန်းလှသော ခြံကြီးအတွင်း
ဘန်ဂလိုလေးများ ဆောက်လုပ်ထားခြင်းဖြစ်သည်။
ဘန်ဂလိုတစ်လုံးတွင် အခန်း၂ခန်းဖွဲ့ထားကာ အပြင်ပိုင်းအပြင်ဆင်တွေအကုန်လုံးကို သစ်တို့ဖြင့်သာ အလှဆင်ထားသောကြောင့် ဟိုတယ်ဘန်ဂလိုနှင့်တောင်မတူပဲ လုံးဝကိုသဘာဝဆန်ကာ နေချင်စရာလေးဖြစ်သည်။ အတွင်းပိုင်းကိုမှသာ ခေတ်မှီအသုံးဆောင်များ ပရိဘောဂများဖြင့်အလှဆင်ထားသည်။
ယိမ်း ဒီဟိုတယ်ကို လိုင်းပေါ်မှတစ်ဆင့် ရှာတွေ့ခဲ့ကာ သဘာဝဆန်ဆန်နှင့် နေချင်စရာလေးမို့ ဒီမှာ
တည်းရန်သာ ဘိုကင်ယူလိုက်တာဖြစ်သည်။

‌ လေးလေးက ကားပါကင်မှာ ကားကိုရပ်လိုက်ပြီမို့ ယိမ်းလဲ ဘေးက လူကိုနှိုးရန်ကြည့်လိုက်မိသည်။ ရှူးရှူးရှဲရှဲနဲ့ တော်တော်ကို အိပ်မောကျနေတာပင်ဖြစ်သည်။ ဒီလိုကျတော့လဲ မနှိုးရက်တာမို့ ဒီတိုင်းသာ ပွေ့ခေါ်ခဲ့ရန် ပြင်လိုက်သည်။

အိပ်ပျော်နေသူ မနိုးသွားအောင် ဘယ်ဘက်လက်ကို ခေါင်းအောက် အသာထည့်လိုက်ပြီး ညာဘက်ကိုတော့ ဒူးခေါင်းအထက် ပေါင်အောက်တွင် နေရာယူလိုက်သည်။ ဒီတိုင်း ပွေ့ချီလိုက်လျှင် ဂါဝန်အောက်စ လွတ်သွားနိုင်တာမို့ ဂါဝန်စကိုပါ လက်ဖြင့်တစ်ခါတည်း ညှပ်ကာ ပွေ့လိုက်ရသည်။ ပွေ့ပြီး ကားအပြင်ထွက်တော့ လူကကုန်းကုန်းကွကွနှင့်မို့ အနည်းငယ်တော့ ကိုးယို့ကားယားနိုင်သည်။
သို့ပေမယ့်လဲမတတ်နိုင် ရင်ခွင်ထဲက အမျိုးသမီး မနိုးသွားဖို့က ပိုအရေးကြီးသည်။

Ex To Lover Again!Where stories live. Discover now