ထမင်းစားခန်းထဲရောက်တော့ ခွင့်ပြုချက်မတောင်းဘဲ သူက အခန့်သား သူ့အိမ်သူ့ယာလိုဝင်ထိုင်နေတာ။ ဂျိုရှုအာ ဘာမှမပြောဘဲ ဒီတိုင်းအရင်စောင့်ကြည့်နေ၏။ အဲ့အိုမီဂါလေးကလည်း ထမင်းစားပွဲမှာအရင်ရောက်နေတဲ့ သူ့ကို မသိသလို ဘုကြည့် ကြည့်သည်။ ဂျိုရှုအာ ဦးလေးနစ်ဆင်ကို မျက်ခုံးပင့်ကာ လှမ်းကြည့်တော့ဦးလေးက တောင်းပန်တိုးလျှိုးတဲ့အမူအရာပုံစံ မျက်လွှာချထားတာကြောင့်။
ဂျိုရှုအာက သပ်သပ်ရပ်ရပ် အစီစဉ်ကျဖြစ်မနေတာတွေနဲ့ ပက်သက်ပြီး သည်းခံနိုင်ခြင်းမရှိ။ အရင် ငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့တာမို့ နစ်ဆင်က ဂျိုရှုအာ့အကြောင်းတွေပိုသိသည်။ ဂျောင်ဟန်ကို အိပ်ယာနှိုးပြီး တန်းဆင်းလာလိုက်တာ အဝတ်အစားလဲဖို့ မပြောခဲ့လိုက်မိ။ ဂျောင်ဟန်ကတော့ ပုံမှန်အတိုင်း ဒီလိုဘဲ ဆင်းလာပြီး မနက်စာစားနေကျဆိုတော့ မသိလောက်။ ဂျိုရှုအာပြန်ရောက်ရင်တော့ မနက်စာစားပွဲမှာ ညဝတ်အင်္ကျီမလဲဘဲနဲ့ ဆင်းလာတာက ပြဿနာတတ်နိုင်သည်။ ဂျိုရှုအာက ဘာမှသင်ပြမထားဘူးလားဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်ကာ လှမ်းကြည့်မှန်းသိသည်။ ပြန်လာရင်အသိပေးမယ်ပြောပြီး ရုတ်တရက်ရောက်ချလာတာကြောင့် ဂျောင်ဟန်ကို သူဘာမှသင်ပြမထားမိတာ။
ဂျောင်ဟန် က စားပွဲက ပြင်ပေးထားတဲ့ မနက်စာကို တို့ကနန်း ဆိတ်ကနန်း စားနေသည်။ ပုံစံကြည့်ရတာ အရင်ကလည်း ဘာမှသေချာသိပ်စားသည့်ပုံမပေါ်။ ဂျိုရှုအာက ဆက်တိုက် သူ့အပြုအမူတွေကို လိုက်ကြည့်ပြီး အကဲခတ်နေသည့်ပုံစံကြောင့် ဂျောင်ဟန် အနေခက်လာသည်။ သူ့ကို မျက်မှောင်ကြုံ့ကာ ရုပ်သေကြီးနဲ့ လိုက်ကြည့်နေတဲ့ ဂျိုရှုအာကို ဂျောင်ဟန်ကလည်း ခပ်ရွဲ့ရွဲ့ပြန်ကြည့်နေတာ။ အရှေ့မှာထိုင်နေတဲ့သူ ဂျိုရှုအာ ဆိုတဲ့ သူမှန်း ဂျောင်ဟန်သိတာပေါ့။ ဘယ်သူက ဒီထမင်းစားပွဲမှာ သူကလွဲပြီးထိုင်မှာလဲ။ အမြဲတမ်းသူ့ကို ချုပ်ချုပ်ခြယ်ခြယ် အကုန်လိုက်ပိတ်ပင်နေလို့ ဂျောင်ဟန်သူ့ကို တကယ်စိတ်တိုတာ။ လူကို ဆက်တိုက် မျက်နှာသေ အေးစက်စက်နဲ့လက်ပိုက်ပြီးကြည့်နေတာမို့ ပြန်ကြည့်ပေးလိုက်တယ်လေ။