"ဂျောင်ဟန်""....."
"စိတ်ကောက်နေတာလား?"
"....."
"ကိုယ်မေးနေတယ်လေ"
ဂျောင်ဟန် ဘေးနားဝင်ထိုင်ပြီးမေးနေတဲ့သူကို မကြားချင်ယောင်ဆောင်ကာ မျက်စောင်းတစ်ချက်ထိုးတော့ သူကပဲ ဘာမှမသိသလို အမူအရာမျက်နှာသေနဲ့ပြန်ကြည့်သည်။ မျက်စိရှေ့ကသူကို စိတ်တိုလွန်းလို့ လုပ်ပစ်လိုက်ချင်တာမှ တအား။ သူ့အားနဲ့သိပ်မမျှလို့သာရယ်။ ဒီလူ ဘယ်လောက်တောင် လူလည်ကျလဲဆိုရင် အပြင်လိုက်ပို့မယ်လို့ ကတိပေးထားတာကို သူ့ကတိတော့ သူတည်ပါရဲ့။ နာမီကျွန်းဆိုတဲ့ဆီကိုခေါ်သွားပေးပြီး အဲ့က သူပိုင်တဲ့ resort မှာနေခိုင်းတယ်။ ပြီးတော့ အပြင်လည်း မသွားရဘူး။ ဒီအတိုင်း အိမ်ထဲမှာလိုပဲ ထိုင်နေရတာ ဒါနဲ့ဆို နှစ်ရက်ရှိပြီ။ သူကတော့ အေးအေးဆေးဆေး နားနားနေနေ အနားယူနေတာဖြစ်နေပေမယ့် ဂျောင်ဟန်ကကျ မထူးလည်း အိမ်မှာပဲနေနေရသလိုဘဲ။ ဟိုအိမ်မှာ နေရတာကြာလို့ ဒီအိမ်ပြောင်းနေ နေတဲ့အတိုင်း။ ပခုံးလက်လာတင်တော့ ဂျောင်ဟန် သူ့လက်ကိုရှောင်ပြီး ဆိုဖာတစ်ဖက်တိုးသွားလိုက်သည်။ အခုအချိန်မှာ ဂျိုရှုအာကို နည်းနည်းလေးမှ ကြည်မနေပါ။
"ယွန်းဂျောင်ဟန်"
"ဘာလဲ"
"ဒီဘက်ပြန်တိုးခဲ့"
"မတိုးဘူး ကိုယ့်ဘာသာနေ"
လေသံရယ် မျက်နှာအမူအရာရယ်ကို ကြည့်လိုက်တာနဲ့ ဂျိုရှုအာ တန်းသိနေပြီ။ ယွန်းဂျောင်ဟန် စိတ်ကောက်နေပြန်ပြီဆိုတာ။ ပြိုင်ငြင်းမနေချင်တာနဲ့ စိတ်ကောက်နေတဲ့သူအနားကို ကိုယ်ကပဲ တိုးသွားတော့ ဆက်ခနဲ ထထွက်သွားတော့မလိုလုပ်တာကြောင့် ကိုယ်လုံးလေးကို ခါးကနေအမြန်သိမ်းကျုံးဖက်ကာ ပြန်ဆွဲချထိုင်ခိုင်းရသည်။ ကိုယ့်အိုမီဂါမလို့ အတော်လေး စိတ်လျော့ထားလို့သာရယ် အရင်စိတ်နဲ့ဆို ယွန်းဂျောင်ဟန် မလွယ်။ အကြောတင်းပြီး ခေါင်းမာတတ်တာကလည်း လွန်ရော။ အခုလည်း ဘာကိုစိတ်ကောက်နေပြန်ပြီမသိ။
"တော်ပြီလေ ဒီလောက်ဆိုးနေတာ ကိုယ့်ကိုစိတ်တိုအောင် သပ်သပ်လုပ်နေတာလား"