(၂)

10.2K 1K 99
                                    

ပြန်လည်ရှင်သန်လာရခြင်းဟူသည် မြတင့် အမှန်တကယ် လိုချင်ခဲ့သည့်အရာမှ ဟုတ်ပါရဲ့လား။ အတိတ်ဆိုသည့် ခါးသက်သက်အရာကြီးကို အတိတ်မှာပဲ ထားပစ်ခဲ့လိုက်ပြီး မေ့ပစ်လို့ရရင် သိပ်ကောင်းမည်ဟု မြတင့် တွေးလာမိသည်။အခုတော့ မြတင့်အား အတိတ်က မှတ်ဉာဏ်များက တတိတိ ကိုက်ဖြတ်‌စားသောက်ပစ်နေကြသည်။

ညဖက် အိပ်မက်တွေသည် မြတင့်အား အခြောက်လှန့်နိုင်ဆုံးပင်ဖြစ်၏။ နှင်းဆီများကို မြင်သည်။ ထိုအိပ်မက်မျိုးများ မက်လျှင်တော့ မြတင့် စိတ်သက်သာရာရပါ၏။ သို့သော်လည်း ထိုအိပ်မက်များမှာ ခပ်ရှားရှားပင် ဖြစ်၏။ ကြီးမေသောင်း သေသွားသည့်အဖြစ်အပျက်အား အိပ်မက် မက်ချင် မက်တတ်သည်။ မေမေ့ကိုလည်း သူ မြင်မက်သည်။

"အမေ့ကို မြ ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

ဒါဟာ မြတင့် သူ့မေမေကို နောက်ဆုံး ပြောခဲ့သည့်စကား။ အခု မေမေ သက်ရှိထင်ရှား ရှိမှ ရှိပါ့သေးရဲ့လားဟု တွေးမိသည်။ ညက အိပ်မက်ထဲမှာ မေမေ သေသွားသည်လေ။

တစ်ခါတစ်လေတော့ မြဟာ ချောက်နက်နက်ကြီးထဲ ပြုတ်ကျသွားတတ်သေးသည်။ အေးစိမ့်စိမ့်နှင့် အသည်းအူများ ပြုတ်ထွက်သွားတော့မတတ် ကြောက်မက်ဖွယ်အတိ။ သွေးတွေဟာလည်း မြရဲ့ ပါးစပ်ထဲမှ၊ နှာခေါင်းထဲမှ၊ မျက်လုံးများထဲမှ၊ နားရွက်များထဲမှ ယိုစိမ့်လို့။ အသက်ရှူရတာလည်း ကြပ်လိုက်ပါဘိကွယ်။

"မြဟာ မောင့်ကို ချန်ထားခဲ့တာပဲ"

အိပ်မက်ထဲမှာ မောင်ဟာ မြကို အပြစ်တွေ သိပ်တင်တာပါပဲ။ ဒါမှမဟုတ် မြကိုယ်တိုင်ကိုက အပြစ်ရှိနေတယ်လို့ အစွဲဖြစ်နေတာများလား။

နာကျင်သည်။ နာကျည်းသည်။

မြတ်သိန်းရဲ့ မျက်စများနှင့် မျက်လုံးများကိုလည်း မြင်မက်သည်။ ကိုလှသောင်၏ ဝမ်းနည်းသနားဖွယ် မျက်နှာကိုလည်း မြင်မက်သည်။ အဆုံးမှာတော့ မြတင့်သည် သူ၏ ‌ဒဏ်ရာအနာတရများကို မြင်မက်သည်လေ။

အိပ်မက်များဆီမှ လန့်နိုးလာသည့်အခါတိုင်း မြတင့်သည် မျက်ရည်များစွာနှင့် ဖြစ်ခဲ့ရစမြဲ။ နာနာကျင်ကျင်ငိုချမိသည့်အခါ ကျောကလေးအား ပုတ်ပေးမည့်သူလည်း မရှိခဲ့ရပါ။ သိပ်ကြောက်နေသလားဟု စိတ်ပူ၍ မေးမြန်းပေးမည့်သူလည်း မရှိခဲ့ရပါ။ ထိုသို့သော အတွေးများသည် မြတင့်အား ပို၍ ဝမ်းနည်းစေမိပြန်သည်။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now