(၉)

6.5K 647 215
                                    

အရေးပိုင်မင်း ကိုလှသောင်သည် ဤမနက်၌ ခူးလာသည့် ဤနှင်းဆီပွင့်ကလေးအား ထပ်မံ၍ နမ်းရှိုက်လိုက်ပြန်သည်။ ထို့နောက် အတော်အဝေး၌ ကျန်ရစ်ခဲ့လေသည့် နှင်းဆီခြံကလေးအား တစ်ချက်မျှ လှည့်၍ ကြည့်မိပြန်သည်။ ထပ်၍လှပြန်သည်။ လှသည်။

ရှေ့၌ ဈေးသို့သွားသည့် လမ်းအကွေ့ကလေး တစ်ခုရှိသည်။ လမ်းအကွေ့ကလေး၏အနားတွင် ဗာဒံပင်ကြီး တစ်ပင်ရှိ၏။ ကိုလှသောင်သည် လက်မှ နာရီကို ငုံ့ကြည့်လိုက်သည်။ မနက်ခြောက်နာရီခွဲလုပြီ။ ခဏနေလျှင် မထားမေတစ်ယောက် ဈေးခြင်းတောင်းကလေး ဆွဲကာ ထွက်လာမည်။ ပြီးလျှင်တော့ သူက သူ ခူးယူလာသည့် နှင်းဆီကလေးအား ထား‌မေကို ပေးမည်။ ထိုအခါ၌ ထားမေက မယူချင့်ယူချင် ပုံစံဖြင့် ဟန်ပိုပြမည်။ ကိုလှသောင်က ထိုဟန်ကလေးကိုပင် အချစ်ပိုရမည်လေ။

အရေးပိုင်မင်း ကိုလှသောင်သည် လွန်ခဲ့သော တစ်လခန့်က အချိန်ဆီသို့ ပြန်လည်တွေးတောမိလေသည်။ ထိုနေ့က ကိုလှသောင်တစ်ယောက် သူ့မေမေကို ဈေးသို့ လိုက်ပို့ရသည့်နေ့ဖြစ်ခဲ့၏။ ဈေးသည်နှင့် အချင်းများနေသည့် ရှက်ပြာပြာကောင်မလေး ထားမေအား ထိုမှတစ်ဆင့် သူ စိတ်ဝင်စားမိ၍ သူမအကြောင်း စုံစမ်းခဲ့မိသည်။

ချစ်ခြင်းမေတ္တာများအား ထားမေထံ ဖွင့်ပြသည့်အခါ သူမဟာ ကိုလှသောင်အား တစ်ခုသာ တောင်းဆိုခဲ့လေသည်။ မိမိတို့အိမ်ရှေ့ခြံက နှင်းဆီများအား တစ်နေ့လျှင် တစ်ပွင့် ပေးနိုင်လျှင် တစ်လပြည့်သော နေ့၌ အဖြေပြန်ပေးမည်ဟု၍ပင် ဖြစ်ခဲ့၏။ ထိုစဉ်က ကိုလှသောင်သည် အတော်ပင် အကြပ်ရိုက်ခဲ့ရသည်။ မိမိလို အရေးပိုင်မင်းက သူများဆီက ပန်းကို ခိုးယူရမတဲ့လား။

သို့သော်လည်း ကိုလှသောင်ဟူသည့် အရေးပိုင်မင်းသည် မ'စိတ်က ငယ်ထိပ်ရောက်နေသည်ဖြစ်ရာ မနက်တိုင်း ထိုပန်းခြံဆီမှ ပန်းတစ်ပွင့် နေ့တိုင်း ခိုးယူနေမိ၏။ အစပိုင်းရက်များမှာတော့ သူ ပန်းခိုးရသည်ကို သိပ်စိတ်မပါလှ၊ လိပ်ပြာလည်း မလုံဖြစ်ခဲ့မိသေးသည်။

"ပန်းမခူးရ" ဟူသည့် ဆိုင်းဘုတ်ကြောင့် သူ ပန်းမခူးရဘဲ သုံးရက်မျှ နေလိုက်ရသေးသည်။ သူ ပန်းမခူးပါဘဲနှင့် မနေနိုင်ခဲ့ပါချေ။ သူ ခူးယူချင်နေသည်။ ထိုပန်းခြံဆီသို့ မနက်တိုင်း သွားချင်နေသည်လေ။ ဘာဖြစ်မှန်းလည်း မသိ။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now