(၅)

7.8K 743 107
                                    

မြတင့်သည် သူ၏ရှေ့ရှိ မှန်တင်ခုံပေါ်မှ ငွေလေးဆယ်အား မမှုန်မသုန် စိုက်ကြည့်နေမိသည်။ အချိန်ဆွဲနေ၍လည်း ပြီးသွားမည့်ကိစ္စမဟုတ်။ မောင့်တို့အိမ်ဟာ ဤလေးဆယ်မျှသော ငွေအား အမှုထားမည်မဟုတ်မှန်း မြတင့် ကောင်းကောင်းကြီး သိပါ၏။

သို့သော်လည်း ပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် မြတင့်သည် အရင်ကထက်ပင် ပို၍ မာနကြီးလာသည်လေ။ မောင်တို့မိသားစုမှမဟုတ်၊ အခြားမည်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ တစ်ပြား၊တစ်ကျပ်ပင် အကြွေးတင်မခံလိုပါချေ။ မောင်တို့အိမ်က မိသားစုဝင် တော်တော်များများဟာ အောက်ဖဲလှန်တတ်သူတွေချည်းပဲ မဟုတ်ပါလား။ ခန့်မှန်း၍ မရနိုင်ပါသည့် နောင်တစ်ချိန်တွင် ဤငွေလေးဆယ်အား ပြန်မပေးမိ၍ အလှောင်ပြောင်ခံရလျှင် သိပ်ရှက်စရာကောင်း၏မဟုတ်လား။

ဤသို့ ပြောကောင်းပြောနိုင်ပါသေး၏။
မြတင့်ဟူသည့် အခြောက်မဟာ အတိတ်ဘဝများက စာရိတ္တပျက်ပြားခဲ့၍ ယခုဘဝ၌ အခြောက်မဖြစ်သည်ကိုပင် နောင်တမရ။ ငွေလေးဆယ်ကိုပင် ပြန်ဆပ်ဖို့ စိတ်ကူးရှိသည်မဟုတ်ဟူ၍များ မပြောဘူးဟု ထင်နေ၍မရ။

ထို့ကြောင့် မြတင့်သည် ဤကိစ္စဟာ သူကိုယ်တိုင်ဖြေရှင်းရမည့် ကိစ္စမှန်း သိလိုက်ပါ၏။ ထို့နောက် မှန်တင်ခုံပေါ်ရှိ ငွေလေးဆယ်ကို ယူကာ အိမ်အောက်သို့ ဆင်းလာခဲ့လေသည်။

နှုတ်ခမ်းထက်တွင်တော့ မည်သူ့ကိုမှ အထင်မကြီးပါဘူးဟူသည့် မဲ့ပြုံးလေးအား ဆင်မြန်းထားပါ၏။

လမ်းကလေးကူးလိုက်ရုံဖြင့် မောင့်အိမ်ရှေ့သို့ ရောက်ပြီ။ လူခေါ်ခေါင်းလောင်းကလေးအား လှုပ်ရှားပစ်လိုက်ပါရန် မြတင့်ထံတွင် အားအင်များ မရှိတော့သည့်အလား ခြေထောက်များက ပျော့ခွေ၍ လာလေသည်။ ရင်ဘတ်ငည် ကျယ်လောင်စွာ တဒိန်းဒိန်းခုန်နေမိသည်။ ခဲမှန်ဖူးသောစာငှက်ကလေးဖွယ်ဖြစ်၍နေပါ၏။

မြတင့်သည် ခေါင်းလောင်းကလေးအား အသာအယာ လှုပ်လိုက်လေသည်။ ခဏမျှ ရပ်စောင့်လိုက်ပြီးနောက် အိမ်ထဲမှ မောင့်မေမေ ဒေါ်စိန် ထွက်လာလေသည်။

"အိမ်ရှေ့က ဘယ်သူများလဲကွဲ့"

ခြံတံခါးဝရောက်၍ မြတင့်အား မြင်လိုက်ရသည့်အခါ ဒေါ်စိန်၏ နှုတ်ခမ်းများသည် မသိမသာ တွန့်ချိုးသွားသယောင်။ ဝတ်ထားသည်မှာ ယောဂီဝတ်စုံနှင့် လည်ပင်းမှာလည်း ပုတီးကုန်းကြီးနှင့်၊ လက်ထဲမှာလည်း ပုတီးတစ်ကုံးကိုင်ထားသေးသည်။ ဝတ်ထားသော ဝတ်စုံနှင့်မှမလိုက်၊ ကိုင်ထားသော ပုတီးကုန်းကိုမှလည်း အားနာရကောင်းမှန်း မသိ၊ သူ့မျက်နှာမှာ ရွံရှာမုန်းတီးမှုတို့အပြည့်။ မြတင့်သည် ကျယ်လောင်စွာ ဟားတိုက်၍ ရယ်မောပစ်လိုက်ချင်သည်။ ဒါတွေလား ဘုရားနှင့် တရားနှင့် နေသည့်သူတွေ။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now