"ဒေါ်ဒေါ့်သားကိုတော့ တော်တော်များများ သိကြပါရဲ့၊ အရေးပိုင်မင်း ကိုလှသောင်လေ"
ရတနာသေတ္တာထဲမှ ရွှေဘယက်ကို ထုတ်နေသည့် မြတင့်၏ လက်ကလေးများ ခေတ္တမျှ ရပ်တန့်သွား၏။
"မြတင့်ရော ဒေါ်ဒေါ့်သားကို သိသလား"
မြတင့်က ခေါင်းညိတ်ပြလိုက်၏။
"သိပါတယ်"
သူ့ဆီမှ နှင်းဆီပန်းများကိုပင် လာခူးဖူးသေးသည်ကိုတော့ မြတင့်သည် ကိုလှသောင်၏ မေမေအား ပြန်မတိုင်ဖြစ်ခဲ့ပါ။
"ဒီနေ့ မြတင့် လာမယ်ဆိုလို့ ဒေါ်ဒေါ်တောင် သားကို ခေါ်ထားသေးတယ်၊ သူက မြတင့်ဆီက ပစ္စည်းတွေ ကြည့်ချင်လို့တဲ့လေ"
ဒေါ်အမာတင်က မြတင့်၏ မျက်နှာ အမူအရာ မည်သို့ပြောင်းလဲသွားမည်ကို သိချင်၍ မလွတ်တမ်း လိုက်ကြည့်နေမိ၏။ သူ့သား လာသည်ကို မြတင့် သဘောကျမှကျပါ့မလားဟူသည်ကို ဒေါ်အမာတင်သည် စိတ်ပူ၍ နေပါ၏။
"မြတင့် အဆင်ပြေတယ်မဟုတ်လား"
"အို အဆင်မပြေစရာ ဘာအကြောင်းရှိသလဲ ဒေါ်ဒေါ် ၊ ပြေပါတယ်"
ထိုအခါမှ ဒေါ်အမာတင်သည် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချ၏။
"တော်သေးတာပေါ့ ငယ်ရယ်၊ ဒေါ်ဒေါ်က ကြိုမပြောဘဲ စီစဉ်လိုက်မိတော့ မြတင့် အဆင်မပြေဖြစ်မှာ စိုးရိမ်လို့ပါကွယ်"
မြတင့်က ပြုံး၍ ပြော၏။
"ကိစ္စမရှိပါဘူး ဒေါ်ဒေါ်"
ဒေါ်အမာတင်သည် မြတင့်အပေါ်တွင် အင်မတန် သဘောမနောကောင်းရှာ၏။ ထိုအခါ၌ စိန်နားကပ်အား ဈေးသုံးဆ တင်၍ ရောင်းမိခဲ့သည်ကိုပင် မြတင့်မှာ အားနာစိတ်ကလေး ဖြစ်၍လာပါ၏။
"ကဲ ဒေါ်ဒေါ် မှာထားတဲ့ ဘယက်ကလေး ပြကြည့်စမ်းကွယ်၊ ဒေါ်ဒေါ် မြင်ချင်လှပြီ"
မြတင့်က သူ့ရတနာသေတ္တာလေးထဲက အနီရောင်ကတ္တီပါသေတ္တာငယ်တစ်ခုကို ထုတ်လိုက်၏။ ဒေါ်အမာတင်သည် ထိုကတ္တီပါသေတ္တာကလေးအား ဖွင့်လိုက်သည့်အခါ၌ တဖိတ်ဖိတ်လင်းလက်နေပါသည့် ရွှေဘယက်အား တွေ့လိုက်ရပါ၏။
YOU ARE READING
မြတင့်(ပြန်လည်ရှင်သန်ခြင်း)
Historical FictionUnicode မြတင့်... သူ အမှားတွေ အများကြီး လုပ်ခဲ့မိသည်။ သူ့အား ချစ်ပေးခဲ့ရသောသူများအပေါ်တွင် ရက်စက်ခဲ့မိသည်။ သူ လူမှား၍ ချစ်ပေးခဲ့မိသည်။ သူ... သူသေဆုံးကာနီးတွင် "မြ အရာအားလုံးကို ပြန်ပြုပြင်ချင်တယ်၊ မြ သိပ်ခံပြင်းလွန်းတယ်၊ အခွင့်အရေးတစ်ခုပဲ ပေးသနားပါ...