ဆောင်းရာသီကုန်ဆုံး၍ နွေဦးရာသီသို့ရောက်ရှိလာခဲ့သည်။ ခြောက်သွေ့ပူလောင်မှုတို့မစတင်ခင် အအေးဓာတ်က တဖြည်းဖြည်းပြယ်လွင့်၏။
ထိုနှင်းပွင့်များနှင့်အတူ Zayne၏ လွတ်မြောက်ရန် မျှော်လင့်ချက်များသည်လည်း ဆောင်းနှင်းဓာတ်နှင့်အတူ တဖြည်းဖြည်းလွင့်စင်ကုန်သည်။
တဖြည်းဖြည်းကျဆင်းလာသောစိတ်ဓာတ်ကို Zayneမတွန်းလှန်နိုင်ခဲ့ချေ။
ကြီးမားသောအိမ်ကြီးတွင် ပိတ်လှောင်ထားခံရပြီး လူမှုပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်ကာ လူမဆန်သောလူသားများဖြင့် နေထိုင်ရသည်။
အမှန်ပင်....။ သူနေထိုင်ရာအိမ်တော်ကြီးသည် သူ့ဘဝတစ်စက်တာတွင် ရက်စက်အယုတ်မာဆုံးသောလူများဖြင့် ပတ်လည်ဝိုင်းနေသည်။
Rish၏ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်ရာနောက်ကို အလိုမတူစွာလိုက်ပါရင်း မြေအောက်လောက၏လူမဆန်မှုများ၊ သာမန်လူများပင်မတွေးနိုင်သော ရက်စက်ယုတ်မာမှုများ၊ ရှုပ်ထွေးသောနိုင်ငံရေး/စီးပွားရေးလှည့်ကွက်များ၏ နောက်ကွယ်က အပုပ်အပွများဟာ အော်ဂလီဆန်ဖွယ်ခံစားချက်ကို သယ်ဆောင်လာနိုင်စေသည်။
သူတဖြည်းဖြည်းသိလာသည်နှင့်အမျှ လွတ်မြောက်ဖို့ပို၍ခက်ခဲလာမှန်း သိလာသည်။ သို့ဖြစ်၍ အချည်းနှီးရုန်းကန်မှုတို့ကို မကြိုးစားတော့ဘဲ တစ်စွန်းတစ်စသော မျှော်လင့်ချက်များကို သူ၏နှလုံးသားအတွင်းသို့ သိုဝှက်ထားလိုက်ရပေသည်။
သူအခုနေထွက်ပြေးရင်တောင် ခဏပဲလွတ်မြောက်နိုင်လိမ့်မယ်.....။
TKအဖွဲ့အစည်း၏ ခြေတံလက်တံက နိုင်ငံရဲ့ဘယ်နေရာတွေကိုများ မရောက်နိုင်လို့လဲ.....။
ရှိမှာမဟုတ်ပေ။ အချို့သောဥပဒေများကပင် သူတို့၏လက်ဖဝါးအောက်၌ ရှိကြသည်။ တရားမျှတမှုတို့ကို စိုးစဥ်းမျှမမှန်းရဲတော့ပါချေ။
-
ပူပြင်းသောအသက်ရှူသံက သူ၏နားရွက်ကိုလာရောက်ရိုက်ခတ်ချိန်တွင် Zayne၏ညိုးရော်နေသော်မျက်ဝန်းတို့က လှုတ်ခတ်သွားခဲ့သည်။
