ဖြန်း ...
ဆရာတော်ဘုရားက ကျောင်းကကျွန်းတိုင်ကြီးကို ကြိမ်လုံးကြီးနဲ့ လွှဲရိုက်လိုက်တာကြောင့် ဦးမင်းငွေ လက်အုပ်ချီထားရင်း တုန်တက်သွားရသည်။
" ဒေါ်တူးစိန်အိမ်က ဘူးသီးဘယ်သူခိုးတာလဲ ... မှန်မှန်ပြော "
ဆရာတော်က မေးသာမေးလိုက်ပေမယ့် ဘယ်သူတရားခံလဲဆိုတာကို သိပြီးသားဖြစ်သည်။ ကျောင်းပေါ်မှာ လူတွေ စုစုရုံးရုံးနဲ့ ရောက်နေကြသည်။
ဘယ်ဘက်အခြမ်းမှာတော့ တရားခံဖြစ်တဲ့ ပစ်တိုင်းထောင်တို့အုပ်စုနဲ့အတူ သူကြီးဦးမင်းငွေနဲ့ရွှေဒင်္ဂါးက ထိုင်နေသည်။ တစ်ဖက်ခြမ်းမှာတော့ ဒေါ်တူးစိန်တို့ သားအမိနဲ့ သာဗြောတို့ မိသားစုက ထိုင်နေသည်။ အားလုံးကတော့ ဆရာတော်ကို ငယ်ကြောက်တွေမို့ ဆရာတော့်ရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ရင်း ခေါင်းငုံ့နေကြသည်။
" ဘူးသီးခိုးတာ မဟုတ်ပါဘူး ဘုရား . ဘူးသီးစိတ်ခိုးတာပါ "
" ပစ်တိုင်းထောင် ...! "
ဖြန်း ...
အထွန့်တက်ရှာတဲ့ ပစ်တိုင်းထောင်ကြောင့် ဆရာတော်က မာန်မဲလိုက်ရင်း တိုင်လုံးကြီးကို ကြိမ်လုံးနဲ့ရိုက်ပြန်သည်။
" ဆရာတော်ဘုရား . တပည့်တော်အိမ်က ဘူးသီးကို နှစ်လုံးတောင်မှ လုပ်သွားတာပါ ဘုရား ... တစ်လုံးလုံးကို ဒီတိုင်းခူးသွားတယ်ဆိုရင်တောင် ခံသာပါသေးတယ် ... အခုကျတော့ ထက်ခြမ်းခြမ်းပြီး တစ်ခြမ်းကို ခိုးသွားတာပါ ဘုရား "
ဒေါ်တူးစိန်က မျက်နှာကြီးရှုံ့မဲ့လို့ ဆရာတော်ကို တိုင်တဲ့အခါ ဘေးမှာမျက်နှာငယ်လေးနဲ့ ထိုင်နေတဲ့မယ်တင်က သူ့မအေကြီးကို ဆက်မပြောဖို့ တံတောင်ကိုအသာဆွဲရင်း တားသည်။
" ဒေါ်တူးစိန်ကြီးနှယ် ... ကြက်တစ်ကောင်လုံး အခိုးခံရတဲ့ ကျုပ်တို့တောင် ဘာမှမဖြစ်ဘူး ... ခင်များက ဘူးသီးလေး နှစ်ခြမ်းအခိုးခံရတာကို ခင်ဗျားသမီး အခိုးခံရတဲ့အတိုင်းပဲ "
" ဟဲ့ . သာဗြော နင်ဘာစကားပြောတာလဲ "
" ဟုတ်တယ်လေ ... ဒေါ်ဘူးစိန်လို့ ခေါ်ကြတာလည်း မပြောနဲ့ . ခင်ဗျားအိမ်မှာ ဘူးသီးတွေ ဒီလောက်ပေါနေတာ . မစား ပုပ်သွားမယ့်ဟာ "
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
Genel Kurguရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024