တစ်ခုသော မိုးဥတု၏ တစ်နေ့သ၌
အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးက နံပါတ်စဥ် တစ်ဆယ်အထိရေတွက်လို့မှမပြီးသေးခင်ပဲ သည်းကြီးမည်းကြီးမိုးရွာမယ်လို့ သတိပေးနေသည့်အလား။
၁
၂
၃ … သွန်ချလိုက်သလိုရွာချလာတဲ့မိုးသည် သွယ်တွေးခဲ့သလိုပင် နံပါတ်စဥ် တစ်ဆယ်အထိ တွက်စရာမလိုခဲ့ချေ။သွယ့်ဘေးမှသူများက ကိုယ်စီကိုယ်စီထီးများထုတ်ကာ အိမ်သို့ပြန်ကြလေပြီ။ သွယ်သည်လည်း မိုးစက်များကိုငေးကြည့်နေရင်းမှာပင် လွယ်အိတ်ထဲကခေါက်ထီးလေးကိုမသိမသာစမ်းကြည့်ရင်း မနက်ကသွယ်အသေအချာထည့်ထားတဲ့ခေါက်ထီးလေးရဲ့တည်ရှိမှုကိုအတည်ပြုပြီးတာနဲ့ မျက်နှာထက် အပြုံးလေးက မဆိုသလောက်လေးထွက်ကျလာသည်။
ဘေးဘီကိုတစ်ချက်ကြည့်၍ တစ်စုံတစ်ရာကိုလိုက်ရှာပြီး မတည်ရှိနေသည့် အရိပ်အယောင်ကြောင့် တစ်ချက်တော့မျက်နှာပျက်သွားပေမယ့် သိပ်မကြာလိုက်ပါပဲ အပြုံးများက ယခင်ကထက်ပင်ပို၍သိသိသာသာပေါ်ထွက်လာကာ ခေါက်ထီးလေးကို အားရပါးရထုတ်ယူရင်းဆွဲဖွင့်လိုက်သည်။
"သွယ်ကလေးရေ ~"
သွယ့်ရဲ့လှုပ်ရှားမှုများကရုတ်ချည်းရပ်တန့်သွားကာ အသံလာရာသို့ အလန့်တကြားလှည့်ကြည့်မိသည်။ ထိုကောင်မလေးသည် ဂစ်တာအိတ်ကိုလွယ်ကာ သွယ့်ဆီ မပြေးရုံတမယ် တည့်တည့်မတ်မတ်လျှောက်လာလေသည်။ သွယ်ကတော့ ထီးကိုဖွင့်မည့်အစား မိုးရေထဲပြေးပြီးတော့သာ အိမ်ပြန်လိုက်ချင်လေပြီ။
"သွယ် မမကို ထီးအတူပေးဆောင်း"
ခွင့်တောင်းတယ်သာပြောတာ သွယ့်လက်ထဲကထီးကို သူ့ထီးသဖွယ်ဆွဲယူပြီးဖွင့်ကာ အိမ်ပြန်ဖို့အသင့်ဖြစ်နေတဲ့ပုံနဲ့သွယ့်ကိုကြည့်နေတာလေ။ သွယ်ကတော့ ထီးအောက်ထဲမဝင်ဘဲ နံဘေးတိုင်ကိုမျက်နှာမူလို့ နဖူးနဲ့ထောက်ပြီးမျက်စိစုံမှိတ်ကာ အတန်ကြာငြိမ်နေတော့ အူတူတူနဲ့ထိုကောင်မလေးသည် ထီးအကိုင်လျက်နဲ့ သွယ့်အား ကြည့်နေလေသည်။
"မမ ဒီနေ့မိုးရွာမယ်လို့ သွယ်မပြောဘူးလား"
"ထီးယူဖြစ်အောင်ယူလာပါလို့ သွယ်ပြောခဲ့တယ်လေ"
YOU ARE READING
ချစ်ရပါသော "သွယ်ကလေး"
Short Storyမမရဲ့လက်ချောင်းကလေးတွေ အမြဲထိတွေ့နေတတ်တဲ့ ဂစ်တာကြိုးလေးလည်း ဖြစ်ချင်ခဲ့ဖူးတယ်။