🐾

65 11 0
                                    

မမက ကပ်တွယ်လွန်းတဲ့ကြောင်ပေါက်လေး
_____

နာမည်ကျော်အနုပညာရှင်မင်းသမီးတစ်ယောက် ယာဥ်တိုက်မှုဖြင့်ကွယ်လွန်ဆိုတဲ့ ခေါင်းစီးသတင်းက ဖေဖေနဲ့သွယ်ရဲ့ပြိုလဲမှုတွေကိုပိုပြီးထိုးနှက်နေသည်။ ဖေဖေဟာလည်း မေမေ့စျာပနအတွက်သာ အားတင်းပြီးတောင့်ခံနေပေမယ့် ပြိုလဲပစ်ချင်ဆုံးသူထဲမှာထိပ်ဆုံးကဖြစ်သည်။

ရက်အတော်ကြာနိုးမလာတဲ့သွယ်သည် မေမေ့ရဲ့နောက်ဆုံးအချိန်ကိုလိုက်ပါမပို့ဆောင်နိုင်ခဲ့ချေ။ နိုးလာတဲ့အချိန်မှာလည်း ပထမဆုံးရှာတဲ့သူက မေမေဖြစ်နေတဲ့အခါ အနားက ဖေဖေသည် ထိန်းထားသမျှခံနိုင်ရည်တွေဟာပျောက်ပျက်ကုန်ပြီး သွယ့်ကိုတင်းကြပ်စွာဖက်တွယ်ရင်း ကလေးတစ်ယောက်လိုမျိုး ငိုကြွေးတော့သည်။

သွယ့်အသက် ၆ နှစ်မှာ သွယ်သိပ်ချစ်ရတဲ့မေမေ ဖေဖေသိပ်မြတ်နိုးရတဲ့အမျိုးသမီးကို ဆုံးရှုံးခဲ့ရသည်။

အဲ့ဒီနှစ်တွေထဲဖေဖေ့ရဲ့ပြိုလဲမှုတွေကအတော့်ကိုဆိုးသည်။ သွယ့်ရဲ့စိတ်ဒဏ်ရာတွေဟာလည်း အတော့်ကိုပြင်းထန်သည်။ မေမေမရှိတဲ့နောက် သွယ်နဲ့ဖေဖေရဲ့ဘဝက ကမ်းမမြင် လမ်းမမြင်တဲ့ပင်လယ်ပြင်ထဲ ဦးတည်ရာမရှိ ရွက်လွင့်နေတဲ့ လှေငယ်လေးတစ်ခုလိုပဲ။

ပြန်လည်မထူထောင်နိုင်တော့တဲ့သားဖြစ်သူကိုကြည့်ပြီး ဖြေမဆည်နိုင်တော့တဲ့ဖွားဖွားရဲ့ငိုယိုဟစ်ကြွေးမှုတွေ ပုံမှန်ပြနေတဲ့သွယ့်စိတ်ကျန်းမာရေးအခြေအနေတွေကြောင့် ကိုယ်ပေါ်ကသွယ့်ကိုမျက်ရည်တွေကြားကအားတင်းကာပြုံးပြရင်းချော့မြူနေတဲ့ ဖိုးဖိုးရဲ့ပုံရိပ်တွေ။

အချိန်တစ်နှစ်ကျော်ဆိုတဲ့ကာလတိုင်အောင် ဖေဖေဟာပြိုလဲနေဆဲဖြစ်ပြီး သွယ်ဟာလည်း ပြောင်းလဲသထက်ပြောင်းလဲနေတဲ့ဖေဖေ့ပုံစံတွေကိုအမှီလိုက်နေရဆဲဖြစ်သည်။

မေမေမရှိတော့ အရာရာမှာ မထူးချွန်တာမရှိဘူးလို့သွယ်ထင်ခဲ့ရတဲ့ဖေဖေဟာ အလွဲလွဲအချော်ချော်နဲ့ဆိုပေမယ့်လည်း သွယ့်ကို ပျော်အောင်ထားပြီးအကောင်းဆုံးပျိုးထောင်သည်။
ဘယ်နေရာမှာမှ စိတ်ဝင်တစားမရှိတော့တဲ့ဖေဖေက သွယ်ကျောင်းသွားချိန်တိုင်း မေမေကျစ်ပေးတဲ့ဆံပင်ပုံစံမျိုးရအောင်တော့ အစွမ်းကုန်ကြိုးစားတတ်သည်။ ထမင်းချိုင့်ထဲမှာလည်း မေမေထည့်ပေးနေကျဟင်းမျိုးမရရအောင် ဖေဖေကကြိုးစားချက်ပေးတတ်သည်။ မေမေမရှိတော့ ဘယ်သူမှတက်တက်ကြွကြွမရှိတဲ့အခါ အိပ်ရာထ နောက်ကျလို့ မနက်တိုင်း ဖေဖေနဲ့ကျောင်းကိုမမှီမှီအောင်ပြေးရတာမျိုးလည်းရှိတတ်သေးသည်။ ဖေဖေအလုပ်တွေပြန်စလုပ်တဲ့အချိန်မှာ သွယ်က ဖိုးဖိုး ဖွားဖွားနဲ့အတူရှိနေတတ်သည်။

ချစ်ရပါသော "သွယ်ကလေး"Where stories live. Discover now