အိမ်ပြန်လာရတဲ့ ညနေခင်းဟာ အရင်နေ့တွေကထက် ပိုတောက်ပနေသလို အရင်နေ့တွေကထက်လည်း ပိုပြီးအုံ့ဆိုင်းနေသလို ခံစားနေရတယ် ။ ရင်ထဲမှာရောထွေးနေတဲ့ ခံစားချက်တွေဆိုတာ ရွှင်ပြခြင်းတွေပဲလား ၊ မှိုင်းတွခြင်းတွေပဲလားလေ ။
ကျောပိုးအိတ်ကိုလက်မှာကိုင်ဆွဲလို့ လေးလံတဲ့ခြေလှမ်းတွေကိုပါသယ်ဆောင်ရင်း အိမ်ထဲဝင်လာတဲ့သူ့ကို အရင်ဦးဆုံဆီးကြိုတာ လှလှပပနုနုပျိုပျို အမျိုးသမီးတစ်ယောက် ။
" ပိုဒိုရီ .. ပြန်လာပြီလား "
" ဟုတ် ဒေါ်လေး "
" သားလွယ်အိတ် .. ဒေါ်လေးကိုပေးလေ "
" ရတယ် .. သားအပေါ်တန်းတက်တော့မှာ "
" ဟင် .. နေမကောင်းဘူးလား "
" မဟုတ်ပါဘူး .. နည်းနည်းပင်ပန်းနေလို့ "
" အိပ်ရေးမဝလို့လားမှမသိတာ ..
မနက်ကလည်း ကျောင်းနောက်ကျနေသေးတယ် "" ... "
" အဲ့ဒါဆိုလည်း အပေါ်တက်နားတော့လေ
ထမင်းစားချိန်ကျ လှမ်းခေါ်လိုက်မယ် "" ဟုတ် .. "
အဲ့ဒီလိုနဲ့အိမ်ပေါ်တက်လာပြီးတဲ့နောက် ကိုယ့်အခန်းထဲကိုယ်ရောက်တာနဲ့ ကုတင်ပေါ်ဝုန်းခနဲပစ်လှဲချလိုက်မိတယ် ။ စိတ်က ပင်ပန်းသလိုဖြစ်နေတော့ ခန္ဓာကိုယ်ကပါ ပင်ပန်းချင်သလိုဖြစ်နေတာထင်ပါရဲ့ ။
စိတ်ကဘာလို့ပင်ပန်းရသလဲဆိုရင် ဒီနေ့တစ်နေ့လုံး တွေ့ကြုံခဲ့သမျှအဖြစ်အပျက်တွေကြောင့် ခံစားချက်ပေါင်းစုံ တစ်ချိန်လုံးထိုးနှက်လာသလို ခံစားလိုက်ရလို့ပဲ ။ တစ်နေ့တည်းနဲ့တင် အံ့သြတာ ၊ ရင်ခုန်တာ ၊ ရင်တုန်တာ ၊ ကြောက်တာ ၊ ထိတ်လန့်တာ ၊ စိတ်မောတာ ၊ ခံစားလိုက်ရသမျှ အစုံပါပဲ ။
သူ့ကို အဲ့လိုတွေခံစားရအောင်လုပ်သွားတဲ့တရားခံကတော့ အသက်က 18 နှစ်ပြည့်ခါနီး ၊ အရပ်က 6 ပေကျော် နဲ့ မျက်မှန်ပါဝါ 500 ရှိတဲ့ ကိုကိုချောချောတစ်ယောက်ပေါ့လေ ။ သူ့အကြောင်းတွေးမိတိုင်း သူ့ကိုပါအမြဲမြင်ယောင်လာမိကာ အသည်းနှလုံးနွေးထွေးရတာကြောင့် မျက်နှာကို မွေ့ယာထဲပိုနစ်မြုပ်စေလိုက်တယ် ။