ကျောင်းဖွင့်တဲ့ရက်တွေကို ဂယူဘင်းသဘောကျလာမိပြီ ။
အကြောင်းအရင်းကတော့ သံသရာတကွေ့မှာ ဂယူဘင်းရဲ့နှလုံးသားကို အမှတ်မထင်ဝင်တိုက်မိတဲ့ ကောင်လေးတစ်ယောက်ကြောင့်လို့ပဲ ပြောရမှာပေါ့လေ ။ Shakespeare ပြောခဲ့တဲ့ မြင်မြင်ချင်းမှာ နစ်ဝင်မိတဲ့ အချစ်က ပိုပြီးနက်ရှိုင်းတတ်တယ်ဆိုတာ တကယ်မှန်တာပဲလို့ ဂယူဘင်းကယူဆမိတဲ့အထိပဲ ။ ဘာဖြစ်လို့လဲဆိုတော့ မျက်ဝန်းလဲ့လဲ့လေးတွေပိုင်တဲ့ အဲ့ဒီကောင်လေးကြောင့် အခုဆိုရင် ဂယူဘင်းကျောင်းတက်ရမှာ မပျင်းတော့ဘူး ။
တစ်နေ့တာကုန်ဆုံးတိုင်း " မနက်ဖြန်ဆို ကျောင်းတက်ရမယ် " ဆိုတဲ့အတွေးလေးနဲ့ အိပ်ယာဝင်တတ်နေပြီဖြစ်တဲ့ ဂယူဘင်းရဲ့အဖြစ်ကို အမေသာသိရင် မွေးရကျိုးနပ်တဲ့သားလေးလို့ ပြောနေတော့မှာ ။ အရင်တုန်းကဆို ကျောင်းသွားဖို့ အမြဲတုတ်နဲ့မောင်းရတဲ့ သူ့သားလေးက အချစ်နဲ့တွေ့မှ ကျောင်းပဲသွားချင်နေတော့တဲ့အထိ အရူးရင့်နေခဲ့ပြီကိုး ။
အခုဆိုရင် ကျောင်းရောက်တာနဲ့ ဂယူဘင်းလုပ်မိတာက နေရာတိုင်းမှာ ဟန်ယူဂျင်းရဲ့ပုံရိပ်လေးတွေကို လိုက်ရှာကြည့်မိတာပဲ ။ ဂယူဘင်းမျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့တဲ့ ဒုတိယဆုံတွေ့မှုလေးပြီးကတည်းက ဂယူဘင်းမယ် ဟန်ယူဂျင်းရှေ့ကို ထိပ်တိုက်ရောက်သွားရမဲ့အဖြစ်ကို အလိုလိုလက်လျှော့လိုက်မိပြီး အဝေးကနေပဲ မျှော်ကြည့်နေဖို့ ဆုံးဖြတ်လိုက်မိတာ ။
ဖြစ်ချင်တော့ ကိုယ့်ထက် နှစ်နှစ်ငယ်တဲ့ဂျူနီယာလေးဖြစ်နေတာမို့ ကိုယ့်အတန်းနားမှာ တွေ့ရဖို့ ခက်ခဲနေလေရဲ့ ။ ဒါပေမယ့်လည်း ကျောင်းရဲ့ hallway မှာတော့ ယူဂျင်းရဲ့ပုံရိပ်လေးနဲ့ အမြဲလိုလိုဆုံဖြစ်ပါတယ် ။ အဲ့ဒီအချိန်တွေကျရင် ဂယူဘင်းမှာ အမြဲတမ်း သူနဲ့မနီးဝေးကနေ ဖြတ်ဖြတ်လျှောက်သွားတတ်တဲ့ ယူဂျင်းရဲ့ ပုခုံးစွန်းလေးကို ဖျတ်ခနဲလိုက်လိုက်ကြည့်ရတာအမော ။ သူများတွေပြောပြောနေကြတဲ့ hallway crush ဆိုတာမျိုးကို အခုမှခံစားဖူးတာမို့ ယူဂျင်းကိုတွေ့တိုင်း ဗိုက်ထဲလိပ်ပြာတစ်သောင်းလောက် ဝင်ပျာယာခတ်နေကြတာ ။