ကလေးဘဝတုန်းက ညအိပ်ယာဝင်ခါနီး ယုန်နဲ့လိပ်ပုံပြင်နားထောင်ရတဲ့အခါတိုင်း ယူဂျင်းပြန်ပြန်မေးလေ့ရှိတယ် ။
" တကယ်လို့ ယုန်လေးသာ လမ်းမှာမနားဘဲ ဆက်ပြေးနေခဲ့ရင် အဆုံးသတ်မှာ အနိုင်ရမဲ့သူက ယုန်လေးပေါ့ "ဆိုပြီး ။
ပုံပြင်ရဲ့ ပေးချင်တဲ့ message ကို ယူဂျင်းက သေသေချာချာကြီး နားလည်ခဲ့တာပဲဖြစ်တယ် ။ အဲ့ဒါကြောင့်ပဲ ယူဂျင်းဟာ တစ်ဖက်သတ်တိတ်တခိုးအချစ်လမ်းပေါ်မှာ မရပ်မနား ခုန်ဆွခုန်ဆွ ။ ပန်းတိုင်ရောက်တဲ့အခါကျ ကိုကိုက အနမ်းဆုလေးချီးမြှင့်ဖို့ ယူဂျင်းကို စောင့်နေမှာဆိုတဲ့ မျှော်လင့်ချက်လေးကိုဆုပ်ကိုင်ရင်း ပြေးလာလိုက်တာ မမောမပန်းပါပဲ ။
အဲ့ဒီလို ပြေးနေရင်းကနေ တဖြေးဖြေး ပန်းတိုင်နဲ့နီးကပ်လာပြီဖြစ်တဲ့အကြောင်း သဲလွန်စအပိုင်းအစလေးတွေကနေတစ်ဆင့် ယူဂျင်းသိလိုက်ရတယ် ။ အပိုင်းအစလေးတွေက ယူဂျင်းရဲ့ အနီးတစ်ဝိုက်ပဲ လာဝေ့ဝိုက်နေတယ် ၊ အဲ့ဒါကဘာလဲဆို ယူဂျင်းကို သတိထားမိပြီး လိုက်ကြည့်နေတတ်တဲ့ ကိုကို့ရဲ့ပုံရိပ်လေးတွေပဲ ။
ဒါပေမယ့် ယူဂျင်းအမြင်မှားတာမဟုတ်ဘူးဆိုတာကို ကိုကို့ဆီလှမ်းခိုးကြည့်ဖို့ကြံလိုက်တဲ့အခါတိုင်း ယူဂျင်းဆီ ကပ်ငြိနေပြီးသားဖြစ်နေတတ်တဲ့ ကိုကို့ရဲ့ မျက်ဝန်းလေးတွေက သက်သေပြလို့နေတယ် ။
hallway မှာဆုံတိုင်း ယူဂျင်းဆီဝေ့လာတတ်တဲ့ ကိုကို့ရဲ့အကြည့်စွန်းတွေကြောင့် ယူဂျင်းမယ် အကြည့်ချင်းမဆုံမိအောင် ကိုယ့်မျက်ဝန်းကိုယ် အမြန်လွှဲပစ်လိုက်ရတာတွေ ၊ assembly စီတိုင်း ကိုကိုရှိရာဆီ မှန်သေးသေးလေးနဲ့ လှမ်းခိုးကြည့်မိတဲ့အခါ ယူဂျင်းရပ်နေတဲ့နေရာဆီ မျက်နှာမူပြီးသားဖြစ်နေတဲ့ ကိုကို့ရဲ့ပုံရိပ်လေးက မှန်မျက်နှာပြင်ပေါ်ထင်ဟပ်လာတာမို့ မှန်ကို ချက်ချင်းပြန်ဖွက်လိုက်ရတာတွေ ၊ ကိုကို့စာသင်ခန်းရှေ့ ဖြတ်လျှောက်မိတဲ့အခါ ကိုကို့သူငယ်ချင်းက ယူဂျင်းကိုစိုက်ကြည့်ပြီး တစ်ခုခုလှမ်းအော်ပြောဖို့ ပြင်နေတာကို ကိုကိုက အတင်းပါးစပ်ဆွဲပိတ်နေတာကြောင့် မသိချင်ယောင်ဆောင်ပြီး လှမ်းခဲ့ရတဲ့ခြေလှမ်းတွေ ။