(၁၄)

1K 85 17
                                    

Unicode

ကျွန်တော် ဆေးရုံတက်ရသည့် ခြောက်ရက်ကြာကာလတွင် လင်း နှစ်ကြိမ်လာသည်။ လင်းက ဆရာအကြည်တော်၏ ဟာသများအား အသံထွက် ဖတ်ပြ၍ ရယ်မောခဲ့ရသေးသည်။

"အတန်းမှူးက သော်မင်းဟန်နဲ့ ဇော့်ကို ပြောနေတယ်"

"ဘာတဲ့လဲ လင်း"

လင်းက သဘောတကျ ရယ်၏။

"ဆေးရုံကို အလှည့်ကျတက်နေကြတာလားတဲ့"

ဟုတ်တော့လည်း ဟုတ်သည်။ သော် ဆေးရုံက ဆင်း၍ တစ်လကျော်ကျော်သာ ရှိသေးချိန်တွင် ကျွန်တော် ဆေးရုံတက်ရသည်လေ။ ရင်နာစရာ ကွာခြားမှုတစ်ခုတော့ ရှိခဲ့ပါသည်။ သော် ဆေးရုံတက်ခဲ့သော ရက်များမှာ ကျွန်တော်က နေ့ညမပျက် လူနာစောင့်ပေးခဲ့သော်လည်း ကျွန်တော့်အလှည့်မှာတော့ သော်သည် တစ်ကြိမ်တစ်ခါကလေးမျှ ရောက်မလာခဲ့ပါ။

ကျွန်တော်က မလာခဲ့နဲ့ဟု နှင်ပစ်မိလိုက်၍ စိတ်ဆိုးကာ ရောက်မလာခဲ့ခြင်းများလား။ ကျွန်‌တော့်ထံလာဖို့ မလိုအပ်ဘူးလို့များ ပစ်ပစ်ခါခါ တွေးထားခဲ့လို့များလား မသိနိုင်ခဲ့ပါ။

ကိုရှိုင်းထက်က လူနာစောင့်ပေးရသည်ကို အားနာရန်မလိုပါဟု ပြောထားသော်လည်း နေ့စဉ်ရက်ဆက်ကြီးကျ အားနာဖို့ကောင်းသည်ဟု ထင်မိသည်။ လင်းရော ကိုရှိုင်းထင်ပါ မရှိသည့်အချိန်များသည် အတော်ပင် ခက်ခဲခဲ့ပါသည်။ အပေါ့အပါးသွားသည်နှင့် အင်္ကျီလဲပေးသည်မှ လွဲ၍ လင်းသည် ကျွန်တော် ဝေယျာဝစ္စများအား မညည်းမညူဘဲ လုပ်ပေးခဲ့ပါသည်။

ကိုရှိုင်းထက် မရှိသည့်အချိန်တွင် ကိုကြီးလွင်မင်းဟန်သည် သူ့ဂျူတီချိန်များထဲမှ သပ်သပ်အချိန်ပေး၍ ကျွန်တော့်အား အင်္ကျီလဲပေးခြင်း၊ အပေါ့အပါးသွားခြင်းများအား ကူညီလုပ်ကိုင်ပေးခဲ့ပါသည်။ ထို့ကြောင့်လည်း လင်း၊ ကိုရှိုင်းထက်နှင့် ကိုကြီးလွင်မင်းဟန်ကို ယနေ့အထိ ကျေးဇူးတင်မဆုံး ဖြစ်နေဆဲပင် ဖြစ်ပါသည်။

သော့်အား ကြံဖန်၍ ကျေးဇူးတင်ရမည်ဆိုလျှင် မေမေ့အား ကျွန်တော် ဆေးရုံတက်ရသည့်အကြောင်း ပြန်မပြောပြခဲ့ခြင်းသာ ဖြစ်သည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now