(၁၇)

1.2K 100 15
                                    

Unicode

သူနှင့်ပတ်သက်သည့် အမှတ်တမဲ့များစွာကို ကျွန်တော်ဟာ ဘယ်လောက်တောင်အမှတ်တရရှိခဲ့သလဲဆိုတာကိုများ သော်တစ်ယောက် နားလည်၍ ကိုယ်ချင်းစာစိတ်ကလေး တစ်စွန်းတစ်ဖဲ့မျှ ရှိခဲ့မယ်ဆိုလျှင် သူ ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ပွေ့ဖက်နမ်းရှုံခဲ့လိမ့်မည်ဟု မထင်ပါ။ ဒါပေမယ့် သော်မင်းဟန်ဟာ ကိုယ်ချင်းစာစိတ် ခေါင်းပါးလွန်းလှသည့်သူ မဟုတ်ပါလား။

အဝေးတစ်နေရာမှာ ရှိနေသည့် စုစုမာတစ်ယောက် သော့်အား လွမ်းဆွတ်တမ်းတစိတ်များဖြင့် ငိုကြွေးနေမည်လား မသိနိုင်သည့်အချိန်များတွင် ကျွန်တော်ကတော့ သော်၏ အနီးဆုံးနေရာတွင် နေလျက် သော်နှင့်အတူ ပျော်ရွှင်ခြင်းများကို မျှဝေခံစားလျက် ရှိခဲ့ပါသည်။

သော်မင်းဟန်နှင့် စုစုမာဆိုတာဟာအများသူငါ အားကျရတဲ့ ချစ်သူစုံတွဲဖြစ်ခဲ့သောကြောင့် သူတို့ ပြတ်စဲသွားကြတုန်းက ကျောင်းတွင်း၌ အတော်ပင် ဟိုးလေးတကျော် ဖြစ်သွားခဲ့ရသေးသည်။

ပထမနှစ်မှစ၍ ယခု စတုတ္ထနှစ်အထိ သုံးနှစ်ကျော် လေးနှစ်နီးပါးမျှ တွဲလာခဲ့သည့် မိန်းကလေးနှင့် လမ်းခွဲလိုက်ရသည်ကိုပင် ငိုနေဖို့ဝေးစွ၊ ဝမ်းနည်းပူဆွေးဟန်လေးပင် မပြသော သော့်ကို ကျောင်း၌ကျန်ခဲ့သော စု၏သူငယ်ချင်းများမှာ အတော်လေးအံ့ဩခဲ့ကြရ၏။ အချို့ဆိုလျှင် စကားပင် မပြောကြတော့။

"သော်မင်းဟန်က စုစုမာကို ချစ်ရောချစ်ခဲ့ရဲ့လား၊ သူ့ပုံစံက အသည်းကွဲနေတဲ့ပုံလည်း မပေါက်ဘူး"

စု သူငယ်ချင်းများက လာမေးကြသည့်အခါ ကျွန်တော့်မှာ အတော်အကြပ်ရိုက်ရသည်။

"အို သူက စုကို သိပ်ချစ်တာပါ"

ရင်နာစွာဖြင့် ချစ်ရသူကို ကာကွယ်ပြောဆိုခဲ့ရသော စကားများဖြစ်ခဲ့ပါသည်။

"ဒါဆို ဘာလို့ စုကို ဖြတ်သလဲ"

"အဲဒါတော့ ငါ ဘယ်သိပါ့မလဲ၊ သေချာတာတစ်ခုကတော့ သော်က စုကို ချစ်ခဲ့ပါတယ်၊ အခုမှ မချစ်တော့တာ"

ဒါဟာလည်း မုသားပါပဲ။ ပြတ်သွားကြပြီးသည့်တိုင်အောင် သော်ဟာ သူ့လည်တိုင်က "စု" ဆိုတဲ့ တက်တူးသေးသေးလေးကို အမြဲတစေ ပွတ်သက်နေခဲ့တာဟာ သူ စုကို သိပ်ချစ်နေပါသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ထိုမှစ၍ ကျွန်တော့်မှာ တက်တူးတွေကိုလည်း မုန်းရပါသည်။ "စု" ဆိုတဲ့ နာမ်စားကိုလည်း အကြောင်းပြချက်မရှိ မုန်းရပါသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါTempat cerita menjadi hidup. Temukan sekarang