" ဦးဦးဂျွန် မီးမီး အလည်လာပါတယ်ရှင့် "
ဂါဝန်အနီရဲရဲကလေးနှင့် မင်ဂါအွန်းလေးက ဂျောင်ဂုအား တွေ့တွေ့ချင်းပင် သူမရဲ့ ကိုယ်ပိုင်ကျောပိုးအိတ်သေးသေးလေးရဲ့ ကြိုးစနှစ်ဖက်ကို ကိုင်ကာ အပြေးကလေး နှုတ်ဆက်လာသည် ၊အဝါရောင်ဆံပင်ရှည်ရှည်လေးအား နှစ်ဖက်ခွဲစည်းထားကာ ဖဲကြိုးအနီလေးကိုလည်း တပ်ထားသေးသည် ၊ ဂါဝန်အနီကြောင့်လည်း နဂိုဖြူတဲ့မင်ဂါအွန်းလေးရဲ့ အသားရည်လေးက ပို၍ပင် ဖွေးဥနေပေသည် ၊ နို့နံ့ခပ်သင်းသင်းလေးကလည်း မပါမဖြစ် ။
ကောင်တာနောက်တွင် ဆိုင်ဖွင့်ရန်အတွက် အသင့်ပြင်နေသော ဂျောင်ဂုကလည်း ထိုအသံစာစာကလေးအား ကြားကြားချင်းပင် လုပ်လက်စကို ပစ်ထားခဲ့ကာ အပြေးကလေး ကြိုနေပြန်သည်
" ဦးဦးဂျွန်ကလည်း ဟောဒီကဂါအွန်းလေးကို လွမ်းနေတာပါဗျာ "
ဂျောင်ဂု ဂါအွန်းလေးရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ထိုပိစိမလေးရဲ့ ကျောပေါ်က purple ရောင် ကျောပိုးအိတ်သေးသေးလေးကို အရင်ချွတ်ပေးရသည် ၊ ပြီးမှ ဂါအွန်းလေးအား ချိုင်းအောက်မှ ပင့်ချီကာ ကုလားထိုင်ခုံတစ်ခုပေါ်သို့ တင်ပေးလိုက်ရပြန်သည်
" မီးမီးရဲ့ပါးပါးရော "
" ပါးပါးက စက်ဘီးထားရင်း ကျန်ခဲ့တယ် "
" ဟုတ်လား? မီးမီးက ပါးပါးကို မစောင့်ဘဲ အရင်ဝင်ခဲ့တာပေါ့ "
" မီးမီးက ပါးပါးကို စောင့်မယ်လို့ ပြောတာပဲ ၊ ပါးပါးက အရင်သွားဆိုလို့ လာခဲ့တာ ၊ ပြီးတော့လေ ဦးဦးဂျွန် ဒီကိုခဏ "
မင်ဂါအွန်းလေးက ဂျောင်ဂုအား သူ့နှုတ်ခမ်းနားသို့ ကပ်လာရန် လက်လျက်ခေါ်သောကြောင့် ဂျောင်ဂုက ဂါအွန်းလေးမီစေရန် ခါးကုန်းပေးလိုက်ရသည် ၊ ထို့နောက် ပိစိမလေးဂါအွန်းလေးက လေတိုးသံလေးနဲ့ ဂျောင်ဂုနားထဲသို့ ပြောလာသည်က
" မီးမီးကလေ ဦးဦးဂျွန်ကို အရမ်းလွမ်းလို့ အရင်ဝင်ခဲ့တာသိလာ ၊ ပြီးတော့ ဦးဦးဂျွန်ဖျော်ပေးတဲ့ နို့စတော်ဘယ်ရီရော ဟိုးးးးးထဲက ချောကလက်ကိတ်ကိုရော လွမ်းနေတာ "