ဆောင်ချန်းအတွက်တော့ အမှားတွေသိသွားသည့်ဒီအချိန်ဟာ အခက်ခဲဆုံးဖြစ်လိမ့်မည်။တဖက်သက်စွတ်စွဲပြီး တဖက်သက်ဖြစ်ပေါ်လာသည့်စိတ်ခံစားချက်အပေါ် မှားလားမှန်လားမဆုံးဖြတ်နိုင်အောင် ဒေါသရှေ့ထားမိခဲ့ခြင်းကြောင့် ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို ကျူးလွန်မိလိုက်ခြင်းပင်။ ဘယ်မျက်နှာနှင့်ဘယ်လိုပြန်ပြီး တောင်းပန်ရမလဲဆိုတာသူကိုယ်တိုင်တောင် မစဉ်းစားနိုင်တော့။ပထမဦးဆုံးအကြိမ်ဖုန်းကိုဖွင့်လို့ ထိပ်ဆုံးမှာရှိနေသည့်ချန်းယောင်းဖုန်းနံပါတ်ကိုနှိပ်ကာ ဖုန်းခေါ်ကြည့်ပေမယ့် blockထားတာမျိုးမရှိပဲ မကိုင်နေခြင်းပင်။ SNSထဲစာပို့ကြည့်ပြန်တော့လည်း စာရောက်သွားပေမယ့် ဝင်ကြည့်မနေ။ ဆိုဟီးပြောသလို နေမကောင်းများဖြစ်နေပြီလားမသိ။ ဒါမှမဟုတ် အိပ်နေတာများလား။
အချိန်ကလည်း ညနှစ်နာရီထိုးနေပြီမလို့ သေချာပေါက်အိပ်နေတာပဲဖြစ်လောက်မှာပါဆိုပြီး ဖုန်းထပ်မခေါ်ပဲစာသာပို့ထားလိုက်တော့သည်။
'ချန်းယောင်းလေး'
'ကိုကိုမှားသွားပါတယ် ချန်းယောင်းရယ်..ကိုကိုတကယ်ညံ့တဲ့ကောင်ပါ။ သည်းသည်းကိုမယုံနိုင်တဲ့အထိ ကိုကိုရူးကြောင်ကြောင်နိုင်လွန်းသွားတယ်။တကယ်တောင်းပန်ပါတယ်သည်းသည်းရယ်..ကိုကို့ကိုခွင့်လွှတ်ပေးပါနော်'
'လမ်းခွဲမယ်ဆိုတဲ့စကားအတွက် ကိုကိုတကယ်တောင်းပန်ပါတယ်..ကိုကိုသည်းသည်းကိုလုံးဝမပြတ်နိုင်ဘူးနော်'
'ကိုယ့်ရဲ့ချန်းယောင်းလေး..ကိုယ့်ကိုခွင့်လွှတ်ပေးပါနော်'
ချန်းယောင်းတစ်ယောက် တညနေလုံးတအားငိုထားတာမလို့ ပင်ပန်းပြီးကိုယ်လေးပူချင်သလိုလိုဖြစ်နေတာနဲ့ပဲ ညကအစောကြီးအိပ်ပျော်သွားခြင်းပင်။ အခုတော့မနက်မိုးလင်းလို့ မျက်လုံးပွင့်ပွင့်ခြင်း စာတွေအများကြီးဝင်ထားသည့် ဖုန်းကိုကြည့်လိုက်မှ အိပ်ချင်မူးတူးဖြစ်နေသည့်မျက်လုံးတွေပါ ပြူးကျယ်ကျယ်ဖြစ်သွားတော့သည်။
ကိုကိုကပစ်ချလိုက်၊ ပြန်လာကောက်လိုက်နှင့် သူ့ကိုအရုပ်လေးများထင်နေသလားမသိ။ အခုလဲခခယယနှင့် တောင်းပန်နေတာများမနေ့ကအော်ငေါက်နေသည့် ဂျောင်ဆောင်ချန်းမဟုတ်သလို။ စိတ်ရှိလက်ရှိသာ ဒီလူကိုစိတ်နာပစ်လိုက်ချင်သည်။