Unicode
မိုးလင်းတာနဲ့ အပြင်ထွက်ဖို့ပြင်နေတဲ့ သားတော်မောင်ကို ဒေါ်အေမီတစ်ယောက် မကျေမနပ်ဖြင့်ကြည့်နေမိသည်။
ခပ်ညိုညိုဆံပင်လိပ်တွေသည် ထိုကောင်လေး၏ နားရွက်ညိုတွေအုပ်သည်အထိပင် ရှည်နေလေပြီ။
ဒီအရွယ်ကို ဘယ်လိုနေဘယ်လိုစားပါလို့လဲ ဒေါ်အေမီလိုက်မချုပ်ချယ်ချင်တော့ပေ။လျစ်လျှူရှု့၍သာ အပြင်ထွက်ရန်ပြင်နေသော သားကိုမီးဖိုချောင်ကနေ လှမ်းခေါ်လိုက်သည်။
စောစောစီးစီး ဘဲနဲ့သွားချိန်းတွေ့သော သားသည် နာမည်အတိုင်းဇွဲကတော့ ကြီးပါပေ့.....မဟုတ်တဲ့နေရာမှာပေါ့။
"သားရေ...ဒီကိုလာပါအုံး...."
"မာမီ.....ကျနော် ထက်ဦးယံနဲ့ချိန်းထားလို့..."
ဇွဲ ကဂျင်းဘောင်းဘီအိတ်ထဲကနေသော့ကိုထုတ်လိုက်ရင်းပြောသည်။
ဒေါ်အေမီ,သည် အိမ်သားတွေမနက်စာစားရန် ပြင်ထားသော အုန်းနို့ခေါက်ဆွဲတွေကိုကြည့်ကာ မနက်စာကိုအိမ်မှာမစားပြန်သော သားတော်မောင်ကိုမကြည်ကြည့် နဲ့ကြည့်သည်။
"မာမီက သားအတွက်ချက်ထားတာကို....မစားပြန်ဘူးလား...."
မာမီ့ကိုကြည့်ပြီး ဇွဲစိတ်မကောင်းသော်လည်း ဒယ်ဒီ၏တစ်ချက်လွတ်အမိန့်ကြောင့် ဇွဲလည်းမတတ်နိုင်ပေ။
ဒယ်ဒီနဲ့ ဇွဲ၍စစ်အေးတိုက်ပွဲကြား မာမီကသနားဖို့အလွန်ကောင်းသည်။
ငယ်ငယ်ထဲက မာမီကဇွဲကို,မမထက်ပင်အချစ်ပိုခဲ့တာဖြစ်သည်။လေးဆယ်နားနီးကာမှ ရခဲ့တဲ့သားလေးမို့လို့ ဇွဲကိုမာမီက သိပ်ချစ်သည်။ဇွဲရဲ့ဒယ်ဒီကသာ အသည်းမာတဲ့လူကြီးဖြစ်သည်။
"ဒယ်ဒီပြောသလို ကျနော်က ကျနော့်ခြေထောက်ပေါ်ကျနော်ရပ်ကြည့်နေတာပါမာမီ....စိတ်မကောင်းမဖြစ်နဲ့နော်...ဒယ်ဒီစိတ်ဆိုးပြေမှ ကျနော်အိမ်ကထမင်းဟင်းတွေစားမယ်..."
ဇွဲပြုံးပြုံးလေးသာပြောလိုက်သည်။သူ့ကိုဒယ်ဒီတစ်နေ့နေ့တော့လက်ခံလာမှာလည်း သိသည်လေ။
"သားဒယ်ဒီကိုခေါင်းထဲထည့်မနေပါနဲ့ကွယ်....ဒီနေ့တော့ထားလိုက်တော့သားသူငယ်ချင်းနဲ့ချိန်းထားတာဆိုတော့...မနက်ဖြန်ကစပြီး အိမ်မှာပဲစားတော့ကြားလား....နို့မို့ဆိုမာမီတကယ်စိတ်ဆိုးတော့မှာ...."
