U
ဘာလိုလိုနှင့် မိုးသူ ရွာရောက်တာ ၁လရှိသွားပြီ ဖြစ်ပြီး သူတို့ စီမံကိန်ကလဲ တစ်ဝက်နီးပါး ခရီးရောက်နေပြီ။ မိုးသူနှင့် နိုင်အောင်တို့ တွဲနေကြောင်းလဲ တစ်ရွာလုံး သိလို့နေပြီ။ မသိနေရိုးလား နိုင်အောင်ဆိုတဲ့ ကောင်လေးက ရဲတင်းလွန်းတာကိုး။
မိုးသူကို ကတိပေးပြီး နောက်ရက်မှာတင် ဂီတာတစ်လက်နှင့် မိုးသူအိမ်ရှေ့ ရောက်လာပြီး အိမ်ရှေ့အပင်အောင် နေရာယူကာ အပီပြင်ကို သီချင်းဟဲတော့သည်။ ဘေးမှာ ကာလသားအဖော်တွေကလဲ ပါသေး။ပြောသာပြောတာ နိုင်အောင် အသံက ကောင်းသည်။ အသံဩပေမယ့် ကြည်ပြီး နားရှင်းသည်။ မိုးသူမှာ အိပ်ရာပေါ် အသာလေး စောင်ခြုံကာ နိုင်အောင် အသံကို ညတိုင်း နားဆင်ပြိးမှသာ အိပ်ပျော်သည့် အကျင့်က ရလာသည်။ နိုင်အောင် အလုပ်မအားလို့ သီချင်းလာမဆိုပြသည့် ညတိုင်း မိုးသူမှာ ဟိုဖက်လှည့် ဒီဖက်လှည့်နှင့် အိပ်မပျော်။
ဒီညလဲ မိုးသူတို့ ရီးစားဖြစ်တာ ၁လပြည့်ကို နိုင်အောင်မှာ တစ်နေကုန် ပေါ်မလာသဖြင့် မိုးသူမှာ တစ်နေကုန် စိတ်ကမကြည်။ နေ့မပေါ်လာတောင် ညလာကောင်းရဲ့ မျှော်သော်လည်း ည ၁၁ကျော်နေသည်ထိ အသံမကြားသေး။
ဝမ်းနည်းစိတ်က ရင်ထဲ လှိုက်လှိုက်တက်လာကာ မျက်ရည်က စို့လာပြီး မထိန်းနိုင်စွာ တအင့်အင့် ရှိုက်ငိုနေမိတော့သည်။ပန်းချစ်သူ ပျားက ပြောတယ်
တောက်ပတဲ့ အဆင်းလဲ ရှိတယ်၊
သင်းပျံ့တဲ့ မွှေးရနံ့နဲ့ဆို
ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးရမှာပဲ။
ရင်ထဲရှိရှိသမျှ ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာ ငေးငေးလောက်အောင်
လှရက်သလို
မမြင်လိုသူတွေ လက်ထဲမှ
အလှမပျက်အောင် ချစ်ဆုံးသူ မိန်းကလေးရယ် ..သီချင်းသံက ဂီတာသံ မပါဘဲ ကြည်ကြည်လင်လင် ထွက်ပေါ်လို့လာသည်။ မိုးသူ ပျော်သွားပြီး ပြေးတွေ့ရန် ပြင်ပေမယ့် စိတ်ကောက်နေသေးတာကြောင့် ပြန်ငြိမ်နေလိုက်ပြီး သီချင်းသာ နားထောင်နေလိုက်သည်။
သီချင်းဆုံးသွားသည့်တိုင် ချစ်ရသူလေးမှာ ထွက်မတွေ့တာကြောင့် ရွှေစိတ်တော် ညိုးနေပြီဖြစ်ကြောင်း နိုင်အောင် သဘောပေါက်လိုက်သည်။ ဟူးခနဲ လေပူတွေ မှုတ်ထုတ်ကာ ပုဆိုးကို ခါးတောင်းကြိုက်ပြီး ဖိနပ်ချွတ်ကာ ဖိနပ်ခါးကြားထိုးလိုက်သည်။ နောက် မိုးသူအိမ်ထဲသို့ အသံမထွက်အောင် ချဉ်းကပ်ခဲ့ရင်း ပြတင်းပေါက်ကို လှုပ်ကြည့်တော့ ချက်ချမထားတာကြောင့် သာသာလေး ဖွင့်လိုက်တော့ ပွင့်သွားသည်။