U
"နိုင်..ငါ ချဉ်တာလေး စားချင်လို့ "
နိုင်အောင် ပုခုံးပေါ် မှီထားရင်း မိုးသူပူဆာမိသည်။ ရွာနောက်ဘက် တောင်တန်းတွေပေါ်မှ ဘုရားရင်ပြင်စွန်းမှာ ၂ယောက်သား အတူထိုင်နေရင်းပင်။ ညနေ နေဝင်တရော ပုဇွန်ဆီရောင် ကောင်းကင်ပြင်က နီရဲနေကာ ခပ်လှန်းလှန်းက သစ်ပင်ထိပ်ဖျားမှာ နေမင်းကြီးက မေးတင်လို့ထားသည်။
ဒီသလော ပါးလေးတွေ ဖောင်းကာ အသားရေတွေ ပိုပိုနူးညံ့လာတဲ့ မိုးသူလက်ချောင်းလေးတွေကို နိုင်အောင်က လိုက်ဖျစ်ညစ်ကာ ခဏနေ အပြန်ကျ မန်ကျီးပင်တန်းဖက် ခေါ်သွားပေးမည်ဟု ဖြေသည်။
"နိုင်..၊ နိုင်ရဲ့ မိဘတွေရောဟင်၊ တစ်ခါမှ မမြင်ဖူးလို့"
"ဒီရွာက အမေ့ရွာလေ။ အမေတော့ ကိုယ်ငယ်ငယ်ထဲက ဆုံးတာ။ အဖေက တခြားရွာသူနဲ့ အိမ်ထောင်ထပ်ကျပြီး အဲရွာကို ပြောင်းသွားတာ။ အဲတုန်းက ကိုယ်က ဒီမှာ ကိုယ်ရင်ဝတ်နဲ့ ဘုန်းကြီးကျောင်းသားဆိုတော့ မလိုက်သွားဖြစ်ဘဲ ကျန်ခဲ့တာ။ အရင်ကတော့ အဖေနဲ့ အဆက်သွယ် လုပ်ဖြစ်ပေမယ့် အဖေ့နောက်အိမ်ထောင်က ညီလေး ညီမလေးတွေနဲ့ ကိုယ်က သိပ်မတည့်လို့ မသွားတော့ရင်းနဲ့ အဆက်သွယ်ပြတ်သွားတာ ခုထိပဲ""ဪ ကျွန်တော့် မိဘတွေတော့ ရှိသေးတယ်။ နိုင်... ကျွန်တော်နဲ့ လိုက်ခဲ့ချင်လား"
နိုင်အောင် သူ့မွေးရပ်မြေဖြစ်တဲ့ ရွာလေးကို အထက်စီးကနေ ငုံ့ကြည့်မိသည်။ လယ်ကွင်းစိမ်းစိမ်းတွေ၊ မီးခိုးငွေ့တွေ အူထွက်နေသည့် အိမ်ခေါင်မိုးစွန်းတွေ.. စားကျက်ထဲ လှည့်ပတ်နေသည့် နွားအုပ်တွေ...၊နောက်ပြီး သူ့ပုခုံးစွန်းကို မှီထားတဲ့ မိုးသူ...။မိုးသူတို့ရဲ့ စီမံကိန်းက ပြီးသွားပြီဖြစ်ပြီး နောက် ၂ရက်နေရင် မိုးသူက မြို့ကို ပြန်တော့မှာပင်။
အဖြေပြန်မရတော့ မိုးသူ ရင်ထဲ အောင့်သွားကာ ပုခုံးမှီထိုင်နေရာမှ ထလိုက်ပြီး
"ပြန်ရအောင်။ ငါအဝတ်စားတွေ သိမ်းရဦးမယ်"ငါ ဆိုပြီး အသုံးနှုန်းပြောင်းသွားတဲ့ ချစ်ရသူကို ကြည့်ပြီး နိုင်အောင် စိတ်မကောင်း။ သို့ရာတွင် လိုက်သွားဖို့ကလဲ သူ့အတွက်က ခက်လှသည်။ သူဆိုတာ ရွာကကားတွေကို လိုက်မောင်းပို့ပေးဖူးတာကလွဲလို့ မြို့အကြောင်းကို ဘာမှသိတာမဟုတ်။ ဘာလုပ်စားရမှာလဲ။ ဘယ်မှာ နေရမှာလဲ။ သူ့ကိုယ်သူတောင် ရပ်တည်နိုင်ဖို့ မသေချာတာ မိုးသူကို ဘယ်လိုထောက်ပံ့မှာလဲ..။ မိုးသူကို ဒီမှာနေဖို့လဲ မဆွဲထားနိုင်။ သူ့အဝတ်စားနှင့် မိုးသူအဝတ်စားပဲ ယှဉ်ကြည့်ရင်တောင် မိုးသူနေထိုင်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ ဘဝကို သူမှန်းဆ၍ ရပါသည်။ သူဆွဲမထားရက်။