"အီဟန်...ဆိုင်သိမ်းပြီလား။ အကိုလာတာ စောသွားလား။"
"မစောပါဘူး။ ဒီအချိန် ဝယ်သူလည်း မရှိတော့ပါဘူး အကိုရယ်။ ခဏပဲ စောင့်နော် အကို။"
"ရတယ်....ဖြေးဖြေးလုပ်။ အကိုက အေးဆေး။"
အကိုဂျယ်ဟျွန်းစကားကြောင့် သူ တစ်ခုချင်း သေချာ သိမ်းဆည်းနေသည်။ ညဆယ်နာရီ ဆိုသော အချိန်တွင် သူ့ရဲ့ မုန့်ဆိုင်သို့ လာဝယ်မည့်သူ တစ်ရာမှာ သုည ဒသမ တစ် ရာခိုင်နှုန်းသာ ရှိတော့သည့်အတွက် ဆိုင်ကို သေချာ သိမ်းဆည်းပြီး အကိုဂျယ်ဟျွန်းအတွက် သီးသန့်ဖုတ်ထားသည့် ပေါင်မုန့်လေးကို မမေ့မလျော့ ထည့်ခဲ့သည်။
°
°
°"အကိုဂျယ်ဟျွန်း ဒီနေ့ အလုပ်မှာ အဆင်ပြေရဲ့လား။ မျက်နှာက နည်းနည်း နွမ်းနေသလိုပဲ။"
သူကိုယ်တိုင် ဖုတ်ထားသည့် ပေါင်မုန့်ကို အကို ကားမောင်းနေတုန်း ခွံ့ကျွေးရင်း အကို့ကို သူမေးလိုက်သည်။
"ပြေပါတယ်။ ဒီနေ့ နည်းနည်း ပင်ပန်းသွားတာထင်တယ်။ ဒါပေမယ့် အီဟန်ရဲ့ ပေါင်မုန့်လေးကို စားလိုက်ရတော့ အားရှိလာသလိုပဲ။"
"အကိုကတော့ မြှောက်နေပြန်ပြီ။"
အကို့စကားကြောင့် အီဟန် အနည်းငယ် ပြုံးရွှင်လာခဲ့သည်။ သည်နှစ်တွေထဲမှာ အကို့ကြောင့် သူ အဆင်ပြေပြေ နေနိုင်နေတာ ဖြစ်သည်။
" ဆေးကရော ကုန်ပြီလား။ ဆောင်းဟို ဆေးခန်း မပိတ်လောက်သေးဘူး။ ဝင်ကြမလား။"
"မကုန်သေးပါဘူး။ အကို နားရအောင် အိမ်ကိုပဲ ပြန်ကြရအောင်လေ။"
"အကို့အီဟန်လေးက အလိုက်သိချက်။"
ကားမောင်းနေရင်း လက်တစ်ဖက်နဲ့ အီဟန့် ဆံပင်လေးတွေကို ဖွလိုက်ရင်း ပြောလိုက်သည်။
°
°
°'ဒုံမင်း ငါ့ကိုထားမသွားပါနဲ့။ တောင်းပန်ပါတယ်။'
ဂျယ်ဟျွန်း တစ်ရေးနိုး ရေထသောက်ရင်း အီဟန့် အခန်းဘက်က အသံကြား၍ သွားကြည့်တော့ 'ဒုံမင်း' ဟူသော အမည်နာမကို ရေရွတ်ကာ ယောင်နေသည်။သည်ညမှ မဟုတ်ပါ၊ တစ်ပတ်တွင် ငါးညလောက်သည် ထို နာမည်ကို ယောင်ယမ်းနေတတ်သည်။ ဂျယ်ဟျွန်း စုံစမ်းကြည့်ခဲ့ပေမယ့်လည်း မည်သည့် အစအနမှ မရခဲ့သည့်အတွက် သည်လို အီဟန်ကို သူ အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ပေးရုံကလွဲ မတတ်နိုင်။ မနက်ဖြန်ဆိုလျှင်ပင် သည်ကောင်လေး သူ့ဘဝထဲ ဝင်ရောက်ခဲ့သည်မှာ သုံးနှစ်ပင် ပြည့်ပြီ။