"အီဟန် အဆင်ပြေရဲ့လား။ ခေါင်းကိုက်သေးလား။ "
"ဘာမှမဖြစ်တော့ပါဘူး အစ်ကိုဆောင်းဟို။ ကျွန်တော် သက်သာသွားပါပြီ။"
"အင်းပါ။ ဆေးတွေရော...သောက်ဖြစ်လား။ ကုန်ပြီလား။ "
"ဆေးတွေက...."
အီဟန် ဂျယ်ဟျွန်း မျက်နှာကို လှည့်ကြည့်၍ တွေဝေစွာ ဖြေလိုက်သည်။
"ကုန်သွားပါပြီ။"
"အဲ့ဒါဆို ဒီနေ့ ထပ်ပေးလိုက်မယ်။"
"ရတယ်...အစ်ကို ဆောင်းဟို။"
ဒီတစ်ခါ အီဟန့်မျက်နှာကို လှမ်းကြည့်ရသူမှာ ဂျယ်ဟျွန်း ဖြစ်သည်။
"ကျွန်တော် အဲ့ဒီဆေးတွေ မသောက်တော့ဘူး။ ကျွန်တော် သေချာ စဉ်းစားပြီးပြီ။"
ဂျယ်ဟျွန်း မျက်နှာကို တစ်ချက်ကြည့်ကာ အားယူရင်း အီဟန် စကားဆက်လိုက်သည်။
"ကျွန်တော် အတိတ်ကို မသိချင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သုံးနှစ်တောင် ရှိနေပြီ အခုထိ ကျွန်တော်နဲ့ ပတ်သက်တဲ့ သတင်း အစအန တောင် မကြားရသေးဘူးမလား။ ကျွန်တော့်ကို မလိုအပ်တဲ့ အတိတ်မှာ ကျွန်တော် မရှင်သန်ချင်တော့ဘူး။ ကျွန်တော် အခု အကို ဂျယ်ဟျွန်း အနားမှာပဲ နေတော့မလို့။"
"မင်း တကယ် စိတ်ရင်းနဲ့ ပြောနေတာလား။"
ဆောင်းဟို မယုံကြည်နိုင်စွာပဲ အီဟန့်ကို မေးလိုက်ရသည်။
"ဟုတ်တယ် အစ်ကိုဆောင်းဟို။ အစ်ကို ကြားတဲ့ အတိုင်းပဲ။"
ဆောင်းဟိုက ဂျယ်ဟျွန်းမျက်နှာကို လှမ်းကြည့်လိုက်တော့ မျက်ဝန်းထဲမှာ ပျော်ရွှင်ရိပ်အပြည့်နဲ့ ပြုံးနေတာကို တွေ့လိုက်ရသည်။
"ဒီစကားက တကယ်လား အီဟန်။"
သည် တစ်ခေါက် မေးခွန်းကိုတော့ ဂျယ်ဟျွန်းကိုယ်တိုင် အတည်ပြုရန် မေးလိုက်သည်။
"တကယ်ပါ အကို။ ကျွန်တော့် အတိတ်က ပျော်ရွှင်စရာ ကောင်းခဲ့မယ်လည်း မထင်ဘူး။ ပြီးတော့ လက်ရှိ အခြေအနေလေးမှာပဲ ကျွန်တော် အဆင်ပြေနေတာပဲလေ။"