"အီဟန်နား~~အကိုက မင်းကို လွမ်းနေတာ..."
"ဟုတ်...အကို ခရီးပန်းလာတယ်မလား ။ အရင်ဆုံး အိမ်ပြန် နားလိုက်ဦးလေ။ ကျွန်တော် ဆိုင်ထဲမှာ မပြီးသေးလို့။"
ဂျယ်ဟျွန်းမှာ ကိုရီးယား ပြန်ရောက်ရောက်ချင်း ဒီကောင်လေးဆီကို အရင် လာခဲ့သော်လည်း မသိစိတ်ကပဲ ခံစားမိနေသည်လား ၊ ခရီးပန်းခဲ့၍လား မသိ၊ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေရသည် ။
အခုလည်း သူ့ကို ထားပြီး ဆိုင်ထဲ ပြန်သွားတော့မည့် သည်ကောင်လေးဟာ နဂိုထဲက အသည်းမာတတ်သည်လား။
"အီဟန် ... မင်း ဒီနေ့ အစ်ကို ဂျယ်ဟျွန်းနဲ့ ပြန်လိုက်သွားချင် လိုက်သွားလေ။ ငါ ဆိုင်စောင့်လိုက်မယ်။ "
"မလိုက်တော့ပါဘူး။ ငါ မုန့်အသစ် လုပ်နေတာ ဒီနေ့ အပြီးလုပ်မလို့ ။ အကို့ကို အိမ်ပြန်နားခိုင်းလိုက်တယ် ။"
အစ်ကိုဂျယ်ဟျွန်း ဘယ်လောက် ဝမ်းနည်းသွားမလဲ မသိ၊ ဘာလို့ အီဟန်က ဒီလို အလုပ် အရမ်း ကြိုးစားပြီး အစ်ကို ဂျယ်ဟျွန်းကိုတောင် အချိန်မပေးနိုင်ရတာလဲ ဆိုတာပါ ဂျောင်ဝန်းလေး မစဉ်းစားတတ်တော့ပါ။
_______________
"Yaa! ဟန်ဒုံမင်း! နင် ကိုရီးယား ပြန်လာတာတောင် အိမ်ပြန်မလာဘူးလား။ ဟမ်!"
တစ်ဦးတည်းသော အစ်မဆီမှ ငါးနှစ်အကြာ ပြန်တွေ့သောအခါ ပထမဆုံး ကြားရသည့် စကားမှာ ထင်ထားသလောက် နားဝင်မချိုလှ။ သူ မအားသည့် ဒီကာလများတွင် အစ်မက သူ့ သူငယ်ချင်းနှင့်အတူ အွန်းလေးကို လာ ကြည့်ပေးတတ်သည်။ အခုလည်း အွန်းလေးဆီ လာရင်း သူနှင့် ပက်ပင်းတိုးခြင်း ဖြစ်သည်။
"ဟန်ယူဝန်း...နင် နည်းနည်းလေးတော့ ငါ့ကို ချိုချိုသာသာလေး ပြောပါဦး။"
"မပြောချင်ပါဘူး။ ကိုယ့်အစ်မကို ဆက်သွယ်ရကောင်းမှန်း မသိတဲ့ မောင်ကို ချိုသာစရာလား။ နော့် အွန်းဂျောင်ရယ်။"
သူ့ကို ပြန်စွာရုံမက သူငယ်ချင်းကိုပါ စစ်ကူခေါ်လိုက်သည့် ဟန်ယူဝန်းမှာ နည်းနည်းလေးမှ မပြောင်းလဲသေး ။ အစ်မ သူငယ်ချင်း အွန်းဂျောင် ဆိုသူမှာ အရင်ကတည်းက စကားနည်းသူ ဖြစ်သည့်အလျောက် အခုလည်း ကြောင်အမ်းအမ်းလေးဖြင့်သာ အစ်မကို ကြည့်လိုက် သူ့ကိုကြည့်လိုက် လုပ်နေသည်။
