» [그대라는 시 - Taeyeon] «
0:30 ─〇───── 3:30
⇄ ◃◃ ⅠⅠ ▹▹ ↻
Volume: ■■■■■■■■□□ 80%◇
ညီလာခံ စတင်တော့မည်။ တောက်ပြောင်စွာ နီဝင်းနေသော ခန်းမ၏ ထွဋ်ဖျားမှာ ရာဇပလ္လင်သည် ပိုင်ရှင် ကင်းမဲ့လျက်။ ဒါက ထွေထူးပြီး အရေးတယူ စိတ်ပူနေစရာတော့လည်း မဟုတ်ပါချေ။ မှူးမတ်များရော စစ်သူကြီးအချို့ပါ ငြင်းခုံဆွေးနွေးရင်းနှင့် ဆူညံပူညံ ရန်ပွဲအလား မနက်ခင်းသရုပ်က အကျည်းတန်သလား ၊ ပလ္လင်ဘေးက ကိန်းကြီးခန်းကြီးနိုင်လွန်းသည့် သလွန်ညောင်စောင်းမှာ ထိုင်နေသော အိုကြီးအိုမ မိဖုရားခေါင်ကြီး၏ မာန်ချီနေသော ရုပ်ရည်က ပိုအကျည်းတန်သလား။ --- ဂျိုဆွန်းနန်းတော်သည် စည်ကားစွာ ကို့ယို့ကားရား နိုင်နေမြဲ။ ဒီနေ့လည်း မနေ့ကလို။
"အရှင်မင်းကြီး ~ အခုပဲ ညီလာခံ ဝင်ရပါတော့မယ် ၊ ရေကစားခြင်းအမှုကို ဤမျှလောက်နှင့်ပဲ ချင့်ချိန်ပေးတော်မူပါ"
"လုပ်ချင်ပါဘူး"
ရေကန်သာသည် ကြာတိုင်းတင့်ဖို့သာ ရှိနေပြီး လူတစ်ယောက် ရေဝင်ကူးဖို့မှာ မလျောကန်။ လှေပေါ်မှာ ကိုယ်ရံတော်တစ်ဦးသည် သန်းဝေကာ ပျင်းရိဖွယ်ရာ တာဝန်အတွက် ဖင်ကုတ်ခေါင်းကုတ်။ တံတားငယ်လေးပေါ်ကနေ ကုန်းကုန်းသည် ကုန်းအော်နေရသည်။ အနီရောင်နဂါးခြုံထည်ကို ထိန်းသိမ်းကိုင်ထားရသည့် အထိန်းတော်သည် အဝေးကနေ ဖြတ်လျှောက်သွားသည့် အပျိုတော်တစ်စုကို အားကျစွာ ငေးနေသည်။ --- မိဖုရားကို ခစားရသည့် အရေအတွက်နှင့် ယှဥ်ပါက အခု ရေကန်ထဲမှာ ကလေးမကလူကြီးမကျ ရူးသလိုလိုပေါသလိုလို ရေဆင်းကူးနေသည့် ဘုရင်ပေါက်စအတွက် ခစားသူ စုစုပေါင်းလိုက်ပါမှ ၃ ဦးတိတိပဲ ရှိခြင်းသည် တွေးကြည့်တော့လည်း မထူးဆန်း။
"အရှင်မင်းကြီး မယ်မယ်ကို အကြာကြီး စောင့်ခိုင်းထားလို့ မဖြစ်ပါဘူး အခုပဲ တက်လာပေးပါ"
"အေးလေ အဲ့မှာ မယ်မယ် ရှိနေတာပဲ ကြည့်ကျက် လုပ်ပစေလေ"