- အခန်း ၂ -

304 46 3
                                    

Unicode

နေ့လယ်ဘက်တွင်တော့ ဦးကြီးတို့ အိမ်ရှေ့တွင်ရှိသည့် ကွပ်ပျစ်ပေါ်တွင် လှဲကာ သီချင်း‌နားထောင်နေမိသည်။ မနိုးက ဖန်ခါးရည်နှင့် စားစရာအနည်းငယ်ကို ချပေးထားပေမယ့် ကျွန်မကတော့ အကြားအာရုံထဲတွင်ရှိနေ‌သည့် သီချင်းကိုသာ အာရုံရနေမိသည်။ ကိုကိုက ဦးကြီးတို့ကို ဘယ်လိုပြောထားသလဲမသိပေမဲ့ ပုံမှန်ဆို ကျွန်မလာရင် စကားတွေ ဖောင်ဖွဲ့ပြီး လာပြောတတ်သည့် ဦးကြီးနှင့် ကြီးတော်က အခုတော့ ကျွန်မကို လွှတ်ထားလေသည်။ မနိုးကတော့ ကျွန်မအနားမှာ ထိုင်ရင်း ဆန်ရွေးနေလေရဲ့။

‌နဖူးပေါ်လက်တင်ကာ ကောင်းကင်ကြီးကို ကြည့်ရင်း သီချင်းနားထောင်ရတာဟာလည်း သိပ်ကောင်းသည်။ ကမ္ဘာကြီးမှာ ကျွန်မနဲ့ သီချင်းတွေပဲ ရှိနေသလို ခံစားချက်လေ။ သိပ်ခံစားလို့ မကောင်းပေဘူးလား။ ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့ ခပ်မှိုင်းမှိုင်းပြန်ဖြစ်သွားသည့် ရာသီဥတု ၊ ခပ်တိုးတိုး ကြားရသည့် သီချင်းသံ ၊ နောက်ပြီး တစ်ချက်တစ်ချက်ကြားရတဲ့ မနိုးရဲ့ ဆန်ကွဲရွေးသံ။ မျက်လုံးတွေကို မှိတ်ချလိုက်သည့်အခါ စိတ်ရဲ့ ငြိမ်သက်ခြင်းပဲ။

" နိုးရေ "

သီချင်းသံကို ဖောက်ထွင်းလာတဲ့ ငြိမ်သက်လွန်းတဲ့ အသံချိုချိုကြောင့် အကြည့်တစ်ချက်ဝေ့လိုက်မိသည်။ မနိုးဆီကို လာနေသည့် အမျိုးသမီးရဲ့ အသွင်ဟာ ယိမ်းနွဲ့နွဲ့။
လမ်းလျှောက်ဟန်ဟာ ညင်သာလွန်းသည်။
ဆင်စွယ်ရောင် ရှမ်းအင်္ကျီနှင့် အနက်ရောင် လုံချည်လေးအား တွဲဖက်ဝတ်ဆင်ထားပုံက သေသပ်လှသည်။

နေပါဦး....။ ဒီအမျိုးသမီးက ကျွန်မ စိုက်ခင်းထဲမှာ တွေ့ခဲ့တဲ့ အမျိုးသမီးများလား။ အဲ့ဒီ စူးရဲရဲ မျက်ဝန်းတွေကို ကျွန်မ မှတ်မိလိုက်သည်။ အနီးကပ်ကြည့်တော့လည်း ဒီလောက်တောင် လှသည်လား။ ခပ်ယဉ်ယဉ်ကလေးနှင့် နန်းဆန်ဆန်အလှမျိုးပဲ။ မညာတမ်း ဝန်ခံရရင် ဒီအမျိုးသမီးက မမထက်တောင် လှလွန်းနေသည်။

" ဧည့်သည်ရောက်နေတာလား "

ကျွန်မကို ကြည့်ကာ မေးလာသည့် ထိုအမျိုးသမီးကြောင့် သူ့ဆီတွင် တွယ်ကပ်နေသော ကျွန်မရဲ့ အကြည့်‌တို့ကို ဆတ်ခနဲ ရုတ်သိမ်းကာ မျက်လုံးတွေကို မှိတ်ချပစ်လိုက်မိသည်။ ထိုအမျိုးသမီးရဲ့ အမြင်မှာ ရိုင်းပြသွားသလားတော့ မပြောတတ်ပေမဲ့ အဲ့သည် ရဲတင်းလွန်းပြီး သိမ်မွေ့နေတဲ့ အကြည့်တွေကို ကျွန်မ ရင်မဆိုင်နိုင်။

ကမ္ဘာမြေအား သက်သေတည်၍Where stories live. Discover now