Unicode
ခုံပေါ်တွင် ပန်းအိုးလေးဖြင့် ကျကျနနထိုးထားသည့် နှင်းဆီပန်းအဖြူလေးကို ကြည့်ရင်း ပြုံးမိသည်။ နန်းဆီမှရသည့် ပန်းကလေးမလို့ ပို၍တန်ဖိုးထားမိသည်လား မသိတတ်။ ညှိုးနွမ်းသွားမှာကိုလည်းစိုးလှပါသည်။
အပြာရောင်ဟူဒီနှင့် ဂျင်းအပျော့သား အနက်ကို တွဲဖက်ဝတ်ဆင်ထားသည့် လွန်းက လက်တွင်လည်း အနက်ရောင်နာရီလေးအား ပတ်ရန် မမေ့ခဲ့။ ဆံပင်များကို ကြည့်ကောင်းစေရန် တစ်ချက်ဖြီးသပ်လိုက်ပြီးနောက် အိတ်ထဲသို့ လိုအပ်မည်ထင်သည့်အရာများကို ထည့်လိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်။
" နန်း.. "
ဧည့်ခန်းတွင် ထိုင်နေသော နန်းက ကျွန်မရဲ့ အသံကြောင့် လှမ်းကြည့်သည်။ တစ်ကိုယ်လုံးကို စူးစိုက်ကြည့်နေသည်မလို့ အနည်းငယ် နေရခက်သွားသည်။ နန်းဟာ ဒီနေ့တော့ စတိုင်ပန်အနက်လေးနှင့် တီရှပ်အဖြူလေးကို ရိုးရှင်းစွာဝတ်ဆင်ထားပြီး အပေါ်မှ အညိုဖျော့ရောင် အနွေးထည်လေးအား ထပ်ကာဝတ်ဆင်ထားသည်။ မြင်နေကျပုံစံနှင့်မတူဘဲ လူငယ်ဆန်ဆန်ကလေးဖြစ်နေသည်ကလည်း လှရက်လွန်းပါသည်။
" သွားကြမလား "
နန်းက ထလာရင်း ကျွန်မနဲ့ မလှမ်းမကမ်းမှာရပ်ကာမေးတော့ ခေါင်းငြိမ့်ပြမိသည်။ ရှေ့ကအရင်ထွက်သွားသည့် နန်းဟာ ကျွန်မ sneaker စီးတော့လည်း ရပ်စောင့်ပေးနေပြန်သည်။
နန်းက သူ့ရဲ့ကားလေးကို ယူလာသည်မလို့ မျက်လုံးအဝိုင်းသားဖြင့် ကြည့်မိလိုက်သည်။
နန်းကားမောင်းတတ်မည်ဆိုတာကို ခန့်မှန်းမိသော်လည်း သေချာတော့မသိတတ်။ နန်းက ကားတံခါးကိုလာဖွင့်ပေးတော့ ပြုံးပြမိလိုက်သည်။ နန်းက ဒီလိုတွေလည်းလုပ်ပေးတတ်သား။" ကော်ဖီနဲ့ မုန့် "
စက္ကူအိတ်ကလေးတစ်ခုနဲ့ ကော်ဖီဘူးလေးအား ပေးရင်း ပြောလာသည့် နန်း။
" ကျေးဇူးပါ နန်း "
ကမ်းပေးသည်များအားယူလိုက်ပြီး စက္ကူအိတ်ကလေးထဲကို ကြည့်လိုက်တော့ croissant လေးများအား တွေ့လိုက်ရသည်။
ဒီမှာ croissant ဝယ်လို့ရသည်တဲ့လား။ ဘယ်နားမှာ ရောင်းသည်လဲ။ မြို့ငယ်လေးဆိုပေမဲ့ ရွာကြီးသာသာ သာရှိသည့် ဒီနေရာမှာ croissant ရသည်က ကျွန်မအတွက်တော့ အံ့ဩစရာတစ်ခုလိုဖြစ်နေပြန်သည်။
![](https://img.wattpad.com/cover/373447522-288-k451661.jpg)
YOU ARE READING
ကမ္ဘာမြေအား သက်သေတည်၍
Roman d'amourနန်းနဲ့ အတူရှိနေရတဲ့ အချိန်တွေဟာ ကျွန်မအတွက်တော့ သက်ငြိမ်ခြင်းပါပဲ။