- အခန်း ၄ -

281 45 1
                                    

Unicode

ရှက်သွေးဖြာစွာဖြင့် ခပ်သော့သော့ကလေး ပြေးသွားသည့် နန်းရဲ့ ပုံရိပ်က ကျွန်မမျက်လုံးထဲမှ မထွက်ပါ။ မိန်းမတစ်ယောက်က ဘာလို့များ အဲ့သည်လောက်ထိ စိတ်ကိုညှို့နိုင်တာလဲ။ မမနဲ့ ရှိစဉ်တုန်းကတောင် ကျွန်မ အခုလောက်ထိ မတမ်းတခဲ့ဖူးပါ။ သို့သော် နန်းကိုတော့ တွေ့တာဘယ်လောက်မှ မကြာသေးပါဘဲ။ စကားတွေ အများကြီးလည်း မပြောဖူးပါဘဲ တမ်းတမ်းတတရှိနေမိသည်။

" အံမယ် လွန်း ပြုံးစိစိနဲ့ပါလား။ ဘာတွေ တွေးနေတာတုန်း "

တောထဲမှပြန်လာပုံရသည့် မနိုးက လွယ်ထားတဲ့တောင်းလေးကို ချရင်း မေးလာသည်မလို့ မျက်နှာပိုးသတ်လိုက်ရသည်။ ‌

" ဘာမှမဟုတ်ပါဘူး မနိုးရဲ့ "

မနိုးက ဘာမှဆက်မပြောဘဲ ရယ်သာရယ်နေသည်။ နောက်တော့ ကျွန်မဘေးနားတွင်ထိုင်ကာ ကြက်သွန်ဖြူနွှင်နေပြန်သည်။

" ဪ ဒါနဲ့... မနန်းနဲ့ တွေ့လိုက်သေးလား "

မနိုးမေးလာသည့် မေးခွန်းကြောင့် ကျွန်မကျောပြင်တွေ မတ်သွားရသည်။

" မနိုး တောထဲမသွားခင်ကတည်းက မနန်းက အိမ်မှာရောက်နေတာ။ လွန်းအတွက် ကော်ဖီလာပေးတာတဲ့လေ။ အိပ်နေတုန်းမလို့ ထားသွားပါလို့ ပြောတာကို မရဘူးတော်။ လွန်းနိုးလာတဲ့အထိ စောင့်မယ်ဆိုပြီး စောင့်နေတော့တာ "

မနိုးရဲ့ စကားများကြောင့် ကျွန်မ မျက်လုံးတွေ အဝိုင်းသားဖြစ်သွားရသည်။ နန်းက ကျွန်မအိပ်နေတာကို သိရက်နဲ့ ကော်ဖီပေးဖို့ တစ်ခုအတွက်နဲ့ စောင့်နေသည်တဲ့လေ။ အကြာကြီး စောင့်နေခဲ့ရပုံပေါ်သော်လည်း နန်းဟာ ကျွန်မကို ဘာစောဒကမှ မတက်ပါ။ ဘာတစ်ခွန်းမှလည်း မမေးဘဲ ကော်ဖီကိုသာ သောက်စေသည်လေ။ သောက်ပြီးသည်အထိ စောင့်နေပေးတဲ့ နန်းဟာ ထူးဆန်းပေမဲ့ ကျွန်မ အနေနဲ့ သဘောကျလှပါသည်။

" တွေ့တယ် မနိုး၊ စောနလေးကပဲ ပြန်သွားတာ "

မနိုးက ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ကြက်သွန်ဖြူကို ဆက်နွှင်နေသည်။

" မနန်းက လွန်းကိုတော့ ခင်ရှာသားပဲ "

" ဟင် "

ကမ္ဘာမြေအား သက်သေတည်၍Where stories live. Discover now