#Unicode
တကယ်တမ်းတော့ ဖေဖေက မေမေ့ကို မပြတ်နိုင်လို့ အိမ်ကိုပြန်လာနေတာမဟုတ်ဘဲ မေမေ့ဆီက ကွာရှင်းခွင့်လိုချင်လို့ ပြန်လာနေခဲ့တာပါ။ ဖေဖေနောက်ဆုံးတွဲနေတဲ့ အမျိုးသမီးက မေမေနဲ့တရားဝင်ကွာရှင်းပြီး သူ့ဆီလာခဲ့ပါလို့ တောင်းဆိုထားတာပင်။
အငယ်အနှောင်းနဲ့ ပေါင်းဖက်နိုင်ဖို့ရာ မေမေ့ကို ကွာရှင်းခွင့်တောင်းခဲ့တယ်။ ဖေဖေ့လုပ်စာတစ်ခုတည်းနဲ့ ဖေဖေ့ကိုအားကိုးပြီး ရပ်တည်ခဲ့ရတဲ့မေမေက ညီမလေးဘဝအတွက် ဖေဖေ့ကို မကွာရှင်းနိုင်သေးပေ။
ဘယ်လိုပဲ နစ်နာကြေးနဲ့ ကလေးစားရိတ်ပေးမယ်ပြောပြော ညီမလေးအတွက် ဖေဖေလိုအပ်သည်ဟု ခံယူထားပုံပင်။ မေမေက မကွာရှင်းပေးလေ ဖေဖေက မေမေ့ကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်လေပါပဲ။ ဒါမှ မေမေက ဖေဖေ့ကို ကွာရှင်းချင်လာမယ်လို့ ဖေဖေထင်နေပုံပါပဲ။ တကယ်က မေမေကိုယ်တိုင် ဖေဖေ့ကို လက်မလွှတ်နိုင်ခဲ့တာပါ။ မေမေ့အတွက် ဖေဖေ့ကို လိုအပ်နေတုန်းမို့ပါပဲ။
မေမေပြောဖူးတယ်။ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီး အိမ်ထောင်ပြုခဲ့တာ။ သူ့ကို တစ်ဘဝလုံးပုံအပ်ပြီး သူ့တစ်ယောက်တည်းကိုပဲ အချစ်တွေ ပုံပေးထားခဲ့တာတဲ့လေ။ သိပ်သနားဖို့ကောင်းတဲ့မေမေ။ မကြင်နာလေသူကိုမှ ချစ်ရသတဲ့လားမေမေရယ်။
ငိုနေတဲ့မေမေ့အသံကို ဆက်ပြီးမကြားနိုင်တာမို့ ခါလွန်အိမ်ကနေ ထွက်လာခဲ့လိုက်တယ်။ ဆက်ရှိနေရင် ခါလွန်အဇာတသတ်ဖြစ်တော့မှာ။
ဆိုင်ကယ်ရဲ့ဦးတည်ရာက ဘာလို့ ဒီနေရာဖြစ်နေခဲ့တာပါလဲ။ ရောက်လက်စနဲ့မို့ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ကားတစ်စီးကိုတွေ့ရတယ်။ ခြံတံခါးလည်းဖွင့်ထားတာမို့ ခါလွန်အိမ်ထဲထိ ဝင်လာခဲ့လိုက်တယ်။
"ခါ"
ခါလွန့်ကိုမြင်တော့ အားတက်သွားတဲ့ပုံပင်။ မျက်ဝန်းလေးတွေ တောက်ပသွားတယ်။ ပြီးတော့ မမျှော်လင့်တဲ့သူကို ရုတ်တရက်တွေ့လိုက်ရတာမို့ထင်တယ် ဝမ်းသာအားရ ပြုံးပြလာတယ်။ ပါးချိုင့်လေး တစ်ဖက်ခွက်ဝင်သွားတယ်။
YOU ARE READING
ဧဒင်မှာရွာတဲ့ အခါလွန်မိုး
Fantasyအကယ်၍ သူနဲ့ကျွန်တာ် ချစ်ခဲ့ကြလျှင် သူစီးနေကြ ဖိနပ်တစ်ရံလို သူ့ရဲ့ခြေလှမ်းတိုင်းကို ခလုတ်မထိ ဆူးမငြိလေအောင် တစ်သက်လုံးကာကွယ်ပေးသွားမှာပါ။ ကျွန်တာ့်ရဲ့ ဖြစ်တည်မှုဟာ သူတစ်ဦးတည်းအတွက်သာ ဖြစ်စေရပါ့မယ်။