007(တပ်မက်စွာစွဲလန်းခြင်း)

6 0 0
                                    

[၇]

"မြ…မြရေ "
ရေနံရည်ဝ.နေသောအဆောင်ဆောင်အခန်းခန်းကိုဖြတ်သန်းကာ ပြေးလွှားနေသည်ကို သိသော်လည်း ခြေထောက်များသည် ကြမ်းပြင်နှင့်မထိသလို လွတ်ဟာနေသည်။ တစ်ချက်တစ်ချက်တွင် ပါးလွှာသောပိတ်စဖြူဖြူများသည် သန့်စင်မျက်နှာဆီကို ရိုက်ခတ်နေကြသည်။ "မြ" ဟူသည် သန့်စင်ကိုခေါ်နေမှန်းသန့်စင်သိသည်။ သို့သော် သန့်စင်သည် ထိုခေါ်ငင်သံနှင့်ဝေးရာကိုပြေးထွက်နေသလား၊ ထိုခေါ်သံဆီသို့ ဦးတည်သွားနေသလား သန့်စင်မသိ။ သန့်စင်သည် အမေပျောက်သွား၍ရှာနေသည့် ကလေးပမာ ရှိုက်ငင်မောပန်းလျက် မည်းနက်နေသည့် အိမ်တစ်ဆောင်အတွင်းဝယ် လှုပ်ခတ်သွားလာနေပေသည်။
"မြ…မြ"
အိပ်မက်ဆိုတာ မပြောပေမယ့်လည်း အားလုံးကိုသိနိုင်တဲ့အရာမလား၊ အိပ်မက်ထဲမှာဆို ဇာတ်ကြောင်းပြန်သူမရှိဘဲ အရာအားလုံးကို စိတ်ဖြင့်သိနိုင်သည်။ သန့်စင်၏ကိုယ်ပေါ်တွင် အဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားမှန်းသန့်စင်သိနေသည်လေ။
ရုတ်တရက် စန္ဒယားသံ၊ ကြားဖူးနေကျနှင့်ကွဲထွက်နေသော စန္ဒယားလက်သံသည် သန့်စင်၏ လက်ဝဲဘက်ခြမ်းရှိ အခန်းငယ်ဆီမှလွင့်ပျံလာသည်။ စောစောက မှုန်ဝါးနေသည့် စက္ခုအာရုံတို့ပြတ်သားလာသည်။ တင်းကြပ်မောဟိုက်နေသော ရင်အစုံသည် အေးဆေးလာသည်။ သန့်စင်မျက်လုံးရှေ့တွင် ထိုအခန်းငယ်၏အသွင်သဏ္ဍာန်သည် ပြတ်ပြတ်သားသားပီပြင်လာသည်။
အခန်းတံခါးသည်ပွင့်ဟနေသည်။ ပိတ်ခန်းဆီးစအဖြူရောင်သည် အောက်ဖျားကလေး ဝေ့ကာဝေ့ကာ လှုပ်ရှားနေသည်။
ထိုစန္ဒယားသံသည် ဂျာမန်ဂရန်းပီယာနိုများဆီမှ ထွက်လာတတ်သော အသံမျိုးမှန်းသိနေသည်။
သန့်စင်ရှေ့တစ်လှမ်းတိုးမိသည်။
စန္ဒယားလက်သံပိုင်ရှင်ကို ခန်းဆီးစအဝှေ့တွင် တစ်စွန်းတစ်စမြင်ရသည်။ အမျိုးသားတစ်ဦး။
ပို၍ပြတ်သားစွာမြင်လိုလှသဖြင့် ခန်းဆီးစကို ဆွဲဖယ်လိုက်စဥ်
သန့်စင်၏လက်အား တစ်စုံတစ်ခုက အားကောင်းစွာ ဆုပ်ကိုင်လိုက်ခြင်းနှင့်အတူ ကိုယ်ခန္ဓာကိုပါတစ်ဖက်သို့ဆွဲလှည့်ခြင်းခံလိုက်ရသည်။

ကြည်လင်ခဲ့သောအမြင်အာရုံတို့သည် ရုတ်ခြည်း မှုန်ဝါးကာ တစ်ဖန်ပြန်လည်ကြည်လင်လာသည်။ သို့သော် သန့်စင်မျက်လုံးရှေ့ကပုဂ္ဂိုလ်၏ရုပ်သွင်ကို သန့်စင်သေချာမမြင်ရ။ ယင်းလူ၏နောက်မှ အလင်းရောင်သည် စူးရှလွန်းသဖြင့် ထိုလူသည် မည်သူမှန်းမသိနိုင်။

Once In A LifetimeWhere stories live. Discover now