004(ပုံရိပ်ယောင်တစ်ချို့)

10 0 0
                                    


စာကြည့်စားပွဲပေါ်သို့လရောင်သဲ့သဲ့က ဖြာကျနေသည်။ မပွင့်တပွင့်ဖွင့်ထားမိသော ပြတင်းပေါက်က လေအဝှေ့တွင် သိသိသာသာပွင့်ဟသွားသည်။ ဇာခန်းဆီးစပါးပါးက လူးလူးလွန့်လွန့် လှုပ်ရှားသွားသည်ကို သိလိုက်သည်။ သစ်ရွက်လှုပ်သံတရှဲရှဲကိုပါ နားထဲမှာကြားမိသလိုလို။
ထိုစဥ် နူးညံ့နွေးထွေးသော အထိအတွေ့က ပုခုံးဆီမှဖြတ်ပြေးသွားသည်။ နောက်ပါးဆီမှရယ်သံတိုးဖွဖွက အဝေးဆီမှလွင့်ပျံ့လာသလို ခံစားရသည်။ စာကြည့်စားပွဲတွင်ထိုင်၍ ပုံတူပန်းချီတစ်ခုကိုဆွဲနေသည့် သူ့အနား မည်သူက လာနှောင့်ယှက်သနည်း။
လည်ပင်းဆီကိုသိုင်းဖက်လာသော အထိအတွေ့နှင့်အတူ ထွေးအိသောကိုယ်လုံးသွယ်သွယ်တစ်ခုက သူ့ရင်ခွင်ထဲမှာ။
အလိုက်သင့်ပြန်လည်ထွေးဖက်မိသော်လည်း အတွေ့အထိကဝေ
ဝါးစွာ။ ရယ်သံလွင်လွင်ကလေးသည် သူ့နားဖျားအနီးသို့တိုးကပ်လာသယောင်။ ထွက်သက်လေငွေ့နွေးနွေးသည် သူ့လည်ပင်းကို ရိုက်ခတ်နေသယောင်။ သင်းပျံ့ငြိမ်သက်သောမွှေးရနံ့တစ်ခုကို ဂန္ဓာရုံအားဖြင့်သိလိုက်သည်။ ရင်ခွင်ထဲတွင် မျက်ဝန်းကလေးတစ်စုံ။
ထိုမျက်ဝန်းများ။ ထိုစူးရှသောအကြည့်များ။ သူ့ရင်ကို လှိုက်ခတ်စေသော ထိုကြည်လဲ့တောက်ပသော မျက်ဝန်းများ။
အိပ်မက်ထဲမှာပင် ရီဝေလှိုက်မောစွာ ငေးမော၍ကောင်းသည်။
" Have I known you twenty seconds or twenty years?"

အိပ်မက်က နိုးထ.လာတော့ နှမြောတသစွာရေရွတ်မိသည်။
မနေ့ညက မအိပ်ခင် Taylor Swift ရဲ့ Lover သီချင်းကို အပျင်းပြေ စန္ဒယားတီးမိသည်။
သည့်အတွက်ကြောင့်ပင် အိပ်မက်ထဲထိရောက်ရှိလာရသလားတော့မသိပါ။ နူးညံ့နွေးထွေးစွာခံစားလိုက်ရသည်ကိုတော့ ဝန်ခံပါသည်။
သည်နေ့လည်း convo hall ထဲသို့သွားထိုင်နေလျှင် ၎င်းမျက်ဝန်းကလေးများကို မြင်ရနိုင်သေးသည်။ ပွဲက အင်း၊ နှစ်ရက်လိုသေးသည်။ နောက်သုံးရက်လွန်မြောက်လျှင်တော့ မမြင်ရနိုင်တော့ဘူးပေါ့။ ကြိုတွေးရင်းသူ့ရင်ထဲ တစ်စုံတစ်ခုကလေးပင်သွားသည်။
ထားလိုက်ပါ၊ ခဏပဲတွေ့ရမယ့်သူတွေပဲကို။
မြန်မြန်သွက်သွက်အိပ်ရာထ.လိုက်ကာ ရေမိုးချိုး အဝတ်အစားလဲရသည်။ သူ့လိုမြို့ထဲမှာနေပြီးကျောင်းကားနှင့်ကျောင်းသွားရသူအဖို့ မနက်ပိုင်းစာကျက်ချိန်ရအောင် လုပ်ယူရသည်။ ကျောင်းကအဆောင်မှာနေလျှင် အေးအေးသက်သာ တစ်ကိုယ်ရေတကာယ နေနိုင်ပေမယ့် မိဘများက အိမ်၌သာနေစေချင်သည်ကတစ်ကြောင်း၊ အိမ်မှာသာဆိုလျှင်လွတ်လွတ်လပ်လပ်စန္ဒယားတီး၍ရသည်ကတစ်ကြောင်းမို့လည်း အိမ်ကသာ ကျောင်းကားစီးဖြစ်နေသည်။ ကျောင်းနှင့်မြို့ထဲကခုနှစ်မိုင်ကျော်လောက်ဝေးသည်မို့ ကျောင်းကားကစောစောစီးရသည်။ စောစောထမှသာ တစ်နာရီမျှစာကျက်ချိန်ကို ကပ်သပ်ရတတ်သည်။ သူကကျောင်းကားပေါ်ထိုင်ပြီးစာကျက်တတ်သူလည်းမဟုတ်သည့်အတွက်၊ ဖေဖေ့ကားနှင့်လိုက်ပို့လျှင်လည်း သူက မသွားချင်။
နှုတ်မှသံစဥ်တစ်ခုကိုညည်းရင်း နံနက်စာဝိုင်းသို့ဆင်းလာခဲ့သည်။
"မောနင်း ဖေဖေနဲ့မေမေ "

Once In A LifetimeWhere stories live. Discover now