001

33 1 0
                                    

[၁]
ဆောင်းရာသီဟေမန္တမို့ နှင်းငွေ့နှင်းမှုန်တို့ယှက်သိုင်းနေစဥ် နေခြည်ကလေးဖျန်းပက်လိုက်ပုံက နူးညံ့သည်။
ကြည်စင်သောရာသီဥတုနှင့်
မနက်စောစော အအေးဓာတ်ကလေးကဲနေပုံက သန့်စင် စိတ်ကို
ကြည်လင်စေသည်။ အဆောင်ကော်ရစ်ဒါထောင့်ရှိ ဘေစင်တွင် သွားပွတ်တံကို အာခံတွင်းထဲထည့်ရင်း ဟိုလျှောက်လိုက်၊သည်လျှောက်လိုက်ဖြင့် သန့်စင်၏မနက်ခင်း ထကြွမှုက စတင်သည်။
သန့်စင်တစ်ယောက်တည်းစောစောနိုးလာသည်လားတော့မပြောတတ်၊ ခါတိုင်းမျက်နှာသစ်သွားတိုက်ချိန်ဆို နှစ်ယောက်၊သုံးယောက်လောက်နှင့် ဆုံရသော်လည်း ဒီနေ့တော့ သန့်စင်တစ်ယောက်တည်း အေးအေးလူလူ။ သုံးလွှာမို့လို့လားမသိ လေကလေးက တသုန်သုန်နှင့် ကြက်သီးဖုကလေးများပင် ထ.လာရသည်။ တခြားအခန်းများ မနိုးကြသေးသဖြင့် မနက်ခင်းက တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်း။
ကျောင်းမဖွင့်မီ သန့်စင်ကစောရောက်နေခြင်းဖြစ်ကာ၊ အဆောင်၌လူမစုံသေးသဖြင့် နားအေးပါးအေးနေလို့ကောင်းသည်။ ယမန်​​​​ နေ့ကမှဆေးတက္ကသိုလ်(မကွေး)၌
ခရစ္စမတ်ပွဲတော်ကျင်းပခဲ့သည်။ သန့်စင်က ထိုပွဲကို အမီလာခြင်းတော့မဟုတ်၊ သန့်စင်တို့ဆေးပညာပထမနှစ်ကျောင်းသားများက ဂျူနီယာတန်းက ကလေးများကို မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပရေးနှင့်စပ်လျဥ်း၍သာ ခပ်စောစော ပြန်လာခဲ့ခြင်းသာဖြစ်ပါသည်။
အိမ်မှာသာဆို သန့်စင်က သည်လိုမနက်စောစောထ.လေ့မရှိပါ။
ယခုမနက်မှ မနေ့ကခရီးပန်းထားသည့်ဒဏ်ရှိနေတာတောင်
စောစောနိုးနေသည်။ ကျောင်းသားရေးရာသွားပြီး ကျောင်းအပ်ခြင်း၊ အဆောင်လခသွင်းခြင်း အမှုကိစ္စများလုပ်စရာရှိသည်လည်း ပါပါသည်။ အဝတ်အစားလဲပြီးကော်ဖီကီု စိမ်ပြေနပြေ ထိုင်သောက်သည်။ ပြီးတော့မှ မျက်နှာကို နို့ရည်ပါးပါးလိမ်း၊ sun screen လေးထပ်လိမ်းကာ ပန်းနုရောင်ဖျော့ဖျော့ နှုတ်ခမ်းနီတင်ပြီးသည်နှင့် သန့်စင်၏ အလှပြင်ခြင်းလုပ်ငန်းက ပြီးဆုံးသည်။ ဆောင်းရာသီဆိုသော်လည်း မကွေး၏ ဆောင်းရာသီကြီးက တမျိုးကြီးပါ။ ဒီဇင်ဘာကုန်ခါနီးနေတာတောင် မနက်ပိုင်းက စိမ့်စိမ့်ကလေး အေးရုံသာရှိသည်။
သီရိလွင်နှင့် သဇင်ထွန်းက ကျောင်းသားရေးရာသွားရန် သန့်စင်ကို လာခေါ်ကြသည်။ ကန်တင်း၌ မနက်စာဝင်စားပြီးမှ ကျောင်းအပ်မည့်နေရာဌာနသို့ရောက်ကြသည်။ ကျောင်းမဖွင့်ခင်အချိန်ဖြစ်သဖြင့် လူမရှုပ်ပါ။ တစ်နာရီခွဲလောက်ကြာပြီးမှ သန့်စင်တို့သုံးယောက်၏ ကျောင်းအပ်ခြင်းအမှုပြီးဆုံးသည်။
အဆောင်ကိုပြန်ရောက်ရောက်ချင်း သဇင်က ထ.အော်သည်။
" ဟ၊ ဒီနေ့က anatomy အတန်းရှိတာလား "
"အယ်၊ ဘာလို့လဲ တီချယ်က ဖျားနေတာဆို"
"အေးလေ၊ group chat ထဲမှာ တစ်ယောက်ကမေးနေလို့ ၊ တီချယ် ဒီနေ့ ကျူရှင်ရှိတာလား ဆိုပြီးတော့၊ စိတ်ညစ်လိုက်တာ
တီချယ်က နေမကောင်းဖြစ်နေတာ အေးဆေးနားပါစေ"
သဇင်က တကယ့်ကိုမကျေမချမ်းသံနှင့် စူပုပ်ကာပြောနေသည်။
သီရိက " တကယ်တော့၊ တီချယ် နားသင့်တယ်၊နလန်ထ.စဆိုတာ ကောင်းကောင်းအနားယူရတာ၊ ဟုတ်တယ်မလား သန့်စင်"
တစ်ချိန်လုံးတိတ်ဆိတ်နေသော သန့်စင်ကို ပုခုံးဖက်ကာ ​ပြောလသည်။
သန့်စင်ကလည်း "ဟုတ်တာပေါ့၊ တီချယ် နားသင့်တယ် "
သန့်စင်၏ ထောက်ခံမှုအဆုံးတွင် သီရိနှင့် သဇင်တို့ နှစ်ဦးလုံး group chat ထဲခလုတ်တိုက်မတတ် typing ရိုက်ကာ ကျူရှင်မခေါ်ရေး လုံးပန်းတော့သည်။ တီချယ်ဆီက ဒီနေ့ အတန်းမရှိတော့ဘူး ဆိုပြီး စာရောက်လာမှ သုံးယောက်သား အပေါ်တက်ပြီး သီရိအခန်းထဲစုမိကြသည်။ ကျောင်းအပ်ရင်းသွင်းရသည့် ဘာ​ကြေးညာကြေးများကို စာရင်းချရင်း fresher welcome ဆီသို့ စကားရောက်သွားကြပြန်သည်။
တခြားတော့မဟုတ်ပါ၊ မိန်းကလေးများပီသစွာwelcome ၌
မည်သို့ ဝတ်စားသွားရမည်ကို ပြောဆိုကြခြင်းဖြစ်ပါသည်။
"သူတို့ welcome ကလူလည်းသိပ်ရှိမှာ မဟုတ်ပါဘူးဟာ၊
ညအိပ်ဝတ်စုံနဲ့ပဲ သွားတော့မယ်၊ ချွတ်နေစွပ်နေရတာ စိတ်ရှုပ်စရာကြီး "
သန့်စင်က ပွဲလုပ်ပေးမည့် တာဝန်ခံထဲမှာပါနေပေမယ့် အလွန်အမင်းပြင်ဆင်ခြယ်သ၍ ဣန္ဒြေလေးနှင့်ထိုင်နေရမည်ကို သိပ်ပျင်းပါသည်။ ထို့ကြောင့် welcome မှာညအိပ်ဝတ်စုံနှင့် မုန့်စားကဒ်ထုတ်ကာ မုန့်သာထိုင်ရောင်းနေချင်သည်။ သို့မဟုတ်ပါက မြားပစ်ဂိမ်းထောင်ကာ အမြတ်ရှာလျှင်လည်း တွက်ခြေကိုက်သည်။အဓိကက welcome တွင် ပါဝင်ဆောင်ရွက်ပေးဖို့ပဲမဟုတ်လား။
သီရိက "ဟုတ်တော့ ဟုတ်ပါတယ် သန့်စင်ရယ်၊ ဒါပေမယ့် မြန်မာဝတ်စုံမဟုတ်ဘဲ တခြားပေါ့ပေါ့ပါးပါးဝတ်သွားကြရအောင်လေ၊ ဂါဝန်ပဲဖြစ်ဖြစ် "
"ဟာ၊ ဒါမှပြဿနာပဲ ငါ့မှာ ဂါဝန်မရှိဘူးဟ " ဖုန်းသုံးနေသည့် သဇင်က ထ.အော်သည်။
သဇင်က နဂိုတည်းက ယောကျာ်းဆန်ဆန်၊ ဆံပင် ဂုတ်ထောက်နှင့်၊ နူးညံ့ညင်သာခြင်း ဆိုတာ သူနှင့်အပ်စပ်ခြင်းမရှိသောအရာ။
သို့သော် သဇင့်မျက်နှာလေးက နုနုဖတ်ဖတ်ကလေး၊လူကသာ
ရိုက်ပေါက်တွေလျှောက်လုပ်၊လျှောက်ပြောတတ်ပေမယ့် မျက်နှာကလေးက ချစ်စရာကောင်းပါသည်။ သူ့လိုလူမျိုးက ဂါဝန်မရှိတာ အဆန်းတော့မဟုတ်၊ ကျောင်းက မြန်မာဝတ်စုံနဲ့တက်ရသည့်ကျောင်းမို့လို့သာ ထဘီနှင့်ဘာနှင့် သူ့ကိုတွဲမြင်ရသည်။ သီရိက ခေါင်းကို ဖြည်းညင်းလေးကန်စွာ ခါရင်း
" အဲ့ဒါကြောင့် သဇင်ထွန်းတို့ ဘဲမရှိတာ၊ နင်နဲ့နေရင်း ငါလည်း ဘဲမရတော့ဘူးဟဲ့ " ဟု ကုန်းအော်သည်။
"အာ၊ငါနဲ့ ဘာဆိုင်လို့လဲ၊ နင့်ဘာသာနင် အဖြစ်မရှိတာလေ"
"တော်ကြတော့၊ ဒီတိုင်း အပေါ်က crop top နဲ့ style pant နဲ့ပဲသွားရအောင်လေ၊ outfit က ဆင်တူဝတ်ကြမှာဆိုတော့ လူတိုင်းမှာ style pant နဲ့ crop top ကတော့ ရှိကြပါတယ်၊ဟုတ်တယ်မလား "
"အင်း၊ မဆိုးပါဘူး ကောင်းသားပဲ ပေါ့ပေါ့ပါးပါးပေါ့၊ ကိုယ်တွေပွဲလည်းမဟုတ်ဘူးဆိုတော့ "
သည်လိုနှင့် လောလောဆယ်မှာ အဝတ်အစားကိစ္စတစ်မှုအေးချမ်းသွားသည်။ ညနေမှာတော့ အဆောင်မှူးဆီက ထုတ်ပြန်စာက အဆောင် group chat ထဲရောက်လာပါတော့သည်။ သန့်စင်တို့ကျောင်းသူဆောင်များက ကြယ်စင်ကညာ (၁) ၊ (၂) ။ ယောကျာ်းလေးဆောင်များက အောင်ဆန်း​ဆောင်နှင့်
ဖန်ခါး​​ဆောင်။
ေ၎င်းအဆောင်များအပါအဝင် မြို့ထဲမှ ကျောင်းသား၊ကျောင်းသူများအတွက်ပါ နှစ်သစ်ကူးည
ပျော်ပွဲရွှင်ပွဲ ကျင်းပရန်ဖြစ်သည်။ ရက်ကလိုသေးသော်လည်း
သီရိနှင့် သဇင်အပါအဝင် သန့်စင်တို့အတန်းမှ တခြားကျောင်းသူသုံးလေးယောက်နှင့်၊ စီနီယာမမများက ပွဲကျင်းပရေး ကော်မတီတွင်ပါသွားသည်။ သန့်စင်ကတော့ မိမိရောက်နေမှန်း အဆောင်မှူးမသိခြင်းက ကံကောင်းသွားသည်။ မဟုတ်လျှင်
တီချယ်က သီချင်းတက်ဆိုခိုင်းချင်ဆိုခိုင်းနေဦးမည်။
ယခုတော့ ကျူရှင်တက်လိုက်၊စာကျက်လိုက်၊ စားလိုက်သောက်လိုက်နှင့် ဤသုံးလေးရက်အားဖြတ်သန်းနေရသည်။ ပျင်းပျင်းရှိလျှင်သီရိနှင့် သွားစကားပြောသည်၊ သန့်စင်ခေါ်လွန်း၍ အဆောင်ကိုစောပြန်လာရသော မိုးရတနာနှင့် အာလူးဖုတ်သည်။
အဆောင်မှာနေရခြင်းသည် အိမ်မှာနေရခြင်းလောက် သက်တောင့်သက်သာမဖြစ်သော်လည်း အပေါင်းအသင်းရှိတော့ နေပျော်သည်။ မြသန့်စင်က တစ်ဦးတည်းသော သမီးဖြစ်သဖြင့် အဖော်မက်သည်။ တစ်ခါတစ်ရံတွင် ဗိုလ်ကျတတ်သော်လည်း
အပေါင်းအသင်းဆွယ်လျှင် ဘယ်ကိုဖြစ်ဖြစ်ပါသွားတတ်သူဖြစ်သည်။ ငယ်စဥ်တည်းက ဖခင်နှင့်ဝေးကွာခဲ့ရသူဖြစ်၍ မိခင်နှင့် အဘိုးအဘွားတို့၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာရသူဖြစ်သဖြင့် အနည်းငယ်လူကြီးဆန်သည်။ မျက်နှာထားတည်ကာ ယောကျာ်းလေးများနှင့် ​တော်ရုံတရင်းတနှီး စကားမပြောတတ်သူဖြစ်သည်။
သို့သော် သန့်စင်နှင့်ခင်မင်ရင်းနှီးသူများက သန့်စင်အင်မတန် အူတူတူနိုင်ကြောင်း တော်တော်များများသိကြပါသည်။
ဥပမာ မိန်းကလေးဆောင်တွင် ဝါယာရှော့ဖြစ်၍မီးလောင်စဥ်က
မှတ်ပုံတင်၊ကျောင်းသားကဒ်နှင့် စာရွက်စာတမ်းများအစား laptopကြီးတစ်လုံးရင်ဝယ်ပိုက်၍ပြေးဆင်းလာသလိုမျိုးပေါ့။

Once In A LifetimeWhere stories live. Discover now